DVB Logo
Home
မြန်မာသတင်း
ထိုင်း ရွှေဆိုင်တခုတွင် ရွှေဆွဲကြိုးမျိုချခိုးယူသည့် မြန်မာအမျိုးသမီးတဦး ဖမ်းမိ
DVB
·
July 10, 2017
Donate to DVB


 

ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထဘူရီခရိုင်မှာ ဇူလိုင် ၈ ရက်နေ့က ရွှေဆိုင်ကနေ ဆွဲကြိုးမျိုချပြီး ခိုးယူသွားတဲ့ မြန်မာအမျိုးသမီးတဦး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နွန်ထဘူရီခရိုင် ဘန်ဘိုထောင်းမြို့ ဈေးထဲက ယောင်ဝါရတ်ရွှေဆိုင်မှာ အမျိုးသမီးတဦး ရွှေဆွဲကြိုး မျိုချပြီး ခိုးယူသွားတဲ့အကြောင်း တိုင်တန်းချက်ရရှိတဲ့အတွက် အဆိုပါဆိုင်ကို သွားရောက်စစ်ဆေးရာမှာ ဆိုင်ရှင်အမျိုးသမီးက ဇူလိုင် ၈ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ အမျိုးသမီးတဦး ဆွဲကြိုးကြည့်ချင်တယ်ပြောလို့ ၁ ကုံးကို တန်ဖိုး ဘတ်တစ်သောင်းငါးရာတန် ငါးမူးသားရွှေဆွဲကြိုး ၃ ကုံး ထုတ်ပြခဲ့ကြောင်း၊ ခဏအကြာ ရွှေဆွဲကြိုး ၂ ကုံးသာ တွေ့ရတဲ့အတွက် အမျိုးသမီးကို မေးမြန်းရာမှာ သူမက မယူရကြောင်း၊ မယုံရင် ရှာကြည့်ဆိုပြီး တကိုယ်လုံးအနှံ့ ရှာကြည့်တာ မတွေ့လို့ အဲဒီအမျိုးသမီးကို ပြန်လွှတ်လိုက်ကြောင်း၊  အဲဒီနောက် စီစီတီဗွီကင်မရာကို ပြန်ဖွင့်ကြည့်ရာမှာတော့ အမျိုးသမီးက ဆွဲကြိုးကိုရေနဲ့အတူ ရောသောက်တာ တွေ့ရတဲ့အတွက် ရဲစခန်းကို တိုင်ကြားခဲ့တာလို့ ဘန်ဘိုထောင်းရဲစခန်း တာဝန်ကျ ဒုရဲမှူး အန်နပ်နွန်း မာခက သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ဟာ မကြာခင်အတွင်း အဆိုပါအမျိုးသမီးကို ပြန်ဖမ်းမိခဲ့ပြီး ရဲစခန်းမှာ ဝမ်းနုတ်ဆေး ကျွေးပြီးတော့ ရွှေဆွဲကြိုးကို ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူမှာ အသက် ၃၈ နှစ်ရွယ် မအေးအေးဝင်းဆိုသူ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး သူမက စိတ်မနှံ့သူလို စကားကို တောင်ပြောမြောက်ပြော ပြောဆိုနေကြောင်း၊ သူမဟာ နတ်ပူးခံရပြီး အဲဒီနတ်က ရွှေဆွဲကြိုး မျိုချခိုင်းတာဖြစ်ကြောင်း၊ မမျိုဘူးဆိုရင် သေမယ်ပြောလို့ မျိုချရတာလို့  ဆိုပါတယ်။

တာဝန်ကျရဲတွေကတော့ သူမကို တပါးသူပစ္စည်းဥစ္စာ လိမ်လည်ခိုးယူမှုနဲ့ အရေးယူသွားမယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013