DVB Logo
Home
မြန်မာသတင်း
ရေခဲရိုက်ထားသည့် ကျားသေတစ်ကောင်ကို တာချီလိတ်တွင်ဖမ်းဆီးရမိ
DVB
·
July 10, 2017
Donate to DVB

ရေခဲရိုက်ထားတဲ့ ကျားသေတကောင်ကို တရားမ၀င်သယ်ဆောင်လာသူတွေကို   တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ သစ်တောဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေက ဇူလိုင် ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကျားသေကို အတွင်းအင်္ဂါတွေ ထုတ်ထားပြီး ရေခဲရိုက် သယ်ဆောင်လာတာလို့ တာချီလိတ်ခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ပြောပါတယ်။

“ဒီနေ့ ၉ ရက်၊ ၇ လ၊ ၂၀၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ တာချီလိတ်မြို့နယ် တာချီလိတ်-ကျိုင်းတုံသွား မယ်ယန်း ပူးပေါင်းစစ်ဆေးရးစခန်းမှာ သစ်တော၊ အကောက်ခွန်ဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စတဲ့ ပူးပေါင်းအဖွဲ့တွေကနေပြီး တာချီလိတ်ကနေ ကျိုင်းတုံမြို့ကို သွားမယ့် ပရိုဘောက်စ် အဖြူရောင်ကို ပိုင်ရှင်ဖြစ်တဲ့ ကျိုင်းတုံမြို့ ကတောင်ရပ်ကွက်နေ ဦးစိုင်းလွင် မောင်းနှင်လာပြီး ပိုင်ရှင်လို့ ယူဆရတဲ့ ကျိုင်းတုံမြို့နယ် နောင်ကုံကျေးရွာအုပ်စု စိုက်ပျိုးရေးရွာနေတဲ့ ဦးငြိမ်းချမ်း လိုက်ပါလာတဲ့ကားကို ရပ်တန့်ပြီးတော့ စစ်ဆေးတဲ့အခါမှာ အဖြူရောင် ပရိုဘောက်စ်ကားရဲ့ နောက်ခန်းထဲမှာ ပလတ်စတစ်နဲ့ ပတ်ပြီး ထုပ်ပိုးသယ်ဆောင်လာတဲ့ ပစ္စည်းတခုပေါ့။ မသင်္ကာတဲ့ပစ္စည်းတခုကို ရှာဖွေတာမှာ ကျားအသေတကောင် တွေ့ရှိရတဲ့အတွက် ကျနော်တို့ ပူးပေါင်းအဖွဲ့အနေနဲ့ ဒါတွေကို ဖမ်းဆီးပြီး မြို့နယ်သစ်တောရုံးကို မောင်းနှင်လာတယ်။ ကျားအသေကတော့ ဗိုက်ခွဲထားပြီးတော့  ကလီစာတွေ ထုတ်ထားပါတယ်။ အရေးယူမှု အပိုင်းအနေနဲ့ကတော့ ကျနော်တို့ တာချီလိတ် သစ်တောဦးစီးဌာနအနေနဲ့ ကျား ဆိုတဲ့အမျိုးကတော့ လုံးဝကာကွယ်ထားတာ ဖြစ်တဲ့အတွက် တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇ အရ လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်တာတို့၊ အမဲလိုက်တာတို့၊ ဒါမှမဟုတ် အနာတရဖြစ်စေခြင်း၊ တောရိုင်းတိရစ္ဆာန်တွေကို ဖြစ်စေ၊ ၎င်းရဲ့အစိတ်အပိုင်းတွေကို ခွင့်ပြုချက်မရဘဲနဲ့ လက်ဝယ်ထားတာတို့၊ သယ်ဆောင်တာတို့ ရောင်းချတာတို့ လုပ်မယ်ဆိုရင် ကျနော်တို့က ဥပဒေပုဒ်မ ၃၇ အရ တရားရုံးမှာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကျားသေဟာ အထီးဖြစ်ပြီး အလေးချိန် ၁၂၈ ကီလိုရှိကာ အရှည် ၈ ပေ ၈လက်မ၊ အမြင့် ၂ ပေ၊ ၄ လက်မနဲ့ လုံးပတ် ၃ ပေ ၁၀ လက်မ ရှိပြီး ကျိုင်းတုံမြို့ကို သယ်ဆောင်မယ့် ပရိုဘောက်ကားရဲ့ နောက်ခန်းထဲမှာ ပလတ်စတစ်နဲ့ပတ်ပြီး ထည့်ထားတာ ဖြစ်ပါတယ်။

တာချီလိတ်ခရိုင်အတွင်းမှာ တောရိုင်း တိရစ္ဆာန်ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ကျားအသေကို အကောင်လိုက်ဖမ်းဆီးရမိတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ကြက်တူရွေးလိပ်အကောင်အမြောက်အမြားနဲ့ ဝက်ဝံတို့ကိုလည်း ဖမ်းဆီးရမိမှုတွေ ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာနရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

ကျားသေကို သယ်ဆောင်လာတဲ့သူ ၂ ယောက်ကို စစ်ဆေးနေပြီး တာချီလိတ်မြို့မရဲစခန်းမှာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃၇(က)နဲ့ အမှုဖွင့် အရေးယူဖို့ ပြင်ဆင်နေပါတယ်။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013