ဟင်္သာတမြို့နယ် ဦးအောင်လှလမ်းမှာနေထိုင်တဲ့ အသက် ၈၀ ကျော်အိမ်ရှင်ရဲ့ စိန်ထည်တွေနဲ့ ရွှေထည်တွေ ခိုးယူသွားတဲ့ အိမ်အကူအမျိုးသမီးတဦးကို ၁၀ ရက်တွင်း ဖမ်းမိခဲ့တယ်လို့ ဟင်္သာတ အမှတ် ၁ ရဲစခန်းက ရဲအုပ်မြင့်သိန်းက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဦးအောင်လှလမ်းရှိ အသက် ၈၀ ကျော် အဘွားကို စောင့်ရှောက်ဖို့အတွက် သားသမီးတွေက ဇလွန်မြို့နေသူ မဝင်းပပမိုးကို အိမ်အကူအဖြစ် လွန်ခဲ့တဲ့ ၈ လက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
နေအိမ်ရှိ မီးခံသေတ္တာအတွင်းမှ စိန်ထည်တွေနဲ့ ရွှေထည်တချို ပျောက်ဆုံးနေတာကို သားသမီးတွေက သိရှိခဲ့တဲ့အချိန်မှာ အိမ်အကူ မဝင်းပပမိုးမှာ ယောက်ျားနောက် လိုက်သွားတဲ့အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် အိမ်ရှင်ရဲ့သားဖြစ်သူ ဦးအောင်ခိုင်က ဇွန်လ ၂၄ ၇က်နေ့ ဟင်္သာတ အမှတ် ၁ ရဲစခန်းမှာ သွားရောက် တိုင်ကြားခဲ့တာပါ။
“ဇွန် ၂၄ ရက်နေ့ လာရောက်တိုင်ကြားခဲ့တဲ့အတွက် ၂၅ ရက်နေ့မှာ လှိုင်သာယာကို သွားရောက်စုံစမ်းခဲ့တယ်။ သတင်းအတိအကျမရခဲ့လို့ ပြန်လာပြီး ၂၆ ရက်နေ့မှာ သတင်းအတိအကျရတာနဲ့ အားချင်းကားငှားပြီး သွားရောက်ဖမ်းဆီးခဲ့ရတာ” လို့ ရဲအုပ် မြင့်သိန်းက ပြောပါတယ်။
ဇွန်လ ၂၈ ရက်နေ့မှာ ဇလွန်မြို့နယ်ရှိ အပေါင်ဆိုင်တွေနဲ့ ရွှေဆိုင်တွေမှာ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကာ ဇွန် ၂၉ ရက်နေ့မှာ အိမ်အကူ မဝင်းပပမိုးရဲ့ အစ်မဖြစ်သူဆီမှာ အပ်နှံထားတဲ့ ရွှေထည်ပစ္စည်းတွေကိုပါ သိမ်းမိခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ တိုက်ကြီးမြို့နယ်ရှိ အပေါင်ဆိုင်က ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာပါ။
မဝင်းပပမိုးကို (ပ)/၃၀၅ ပုဒ်မ ၃၈၁ နဲ့အမှုဖွင့်ပြီး တရားစွဲဆိုရန် အမှတ် (၁) မြို့မရဲစခန်းဟင်္သာတမှ ရဲအုပ်မြင့်သိန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကြက်











