DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတံမြက်စည်း မိုးရာသီ ပြည်တွင်းရောင်းအားထက် ပြည်ပဈေးကွက် ပိုကောင်း
DVB
·
July 9, 2017
တိုက်ကြီးတံမြက်စည်း မိုးရာသီ ပြည်တွင်းရောင်းအားထက် ပြည်ပဈေးကွက် ပိုကောင်း
Donate to DVB

တိုက်ကြီးမြို့နယ်က တံမြက်စည်း လုပ်ငန်းဟာ အခုလက်ရှိ မိုးရာသီအချိန်မှာ ပြည်တွင်း ရောင်းအားထက် ပြည်ပရောင်းအား ပိုကောင်းနေတယ်လို့ တိုက်ကြီးမြို့နယ် တံမြက်စည်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တိုက်ကြီးမြို့နယ် တံမြက်စည်း လုပ်ကိုင်တဲ့ လုပ်ငန်းကို မိသားစု တပိုင်တနိုင် ပြုလုပ်တာနဲ့ စီးပွားဖြစ် ပြည်တွင်း ပြည်ပအထိ ဖြန့်ချိလုပ်ကိုင်တဲ့ လုပ်ငန်းရှင် အများအပြားရှိနေတာပါ။

“နွေရာသီမှာ ပြည်တွင်းက ပိုရောင်းအားကောင်းသလောက် အခုလို မိုးရာသီမှာတော့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေကို ပို့ပါတယ်။ အဲဒီလို ပို့တဲ့အခါ အခက်အခဲ ရှိပါတယ်။ တဦးတယောက်တည်း ပို့တဲ့အခါကျတော့ ကွန်တိန်နာကားနဲ့ တင်ရတာ။ တလကို တခေါက် ပို့ပေးတဲ့ခါကျတော့ ထုက်လုပ်မူအပိုင်းမှာ အလုပ်သမားရှားတဲ့ ပြဿနာရှိတော့ မနိုင်ဘူးလေ။ ဒါကြောင့် တခြားလုပ်ငန်းရှင်တွေနဲ့ တွဲပို့ရပါတယ်။ အရင်တုန်းက ကုန်ကြမ်းကို တိုက်ကြီးမြို့က ရတယ်။ နောက်ပိုင်း တံမြက်စည်းလုပ်ငန်းကို မိသားစု တပိုင်တနိုင် လုပ်ကိုင်လာတဲ့သူ များလာတော့ ကုန်ကြမ်းရှားလာတယ်။ အခုဆို ရခိုင်အထိပါ သွားဝယ်ရတယ်။ အလုပ်သမားဆိုလည်း ထိန်းထားရပါတယ်။ အဝေးက လာရောက်လုပ်ကိုင်တဲ့သူ ရှိတယ်။ အဲဒါဆို သူတို့အတွက် နေစရာ ပေးရတယ်လေ။ အနီးက လာတဲ့သူဆိုရင်တော့ အဆင်ပြေပါတယ်။ ဒီလုပ်ငန်းက လုပ်တဲ့သူ ရှားတယ်။ ဘာကြောင့်ဆို ကုန်ကြမ်းစုဆောင်းတာတို့၊ အလုပ်သမား ရှာပါးတာတို့ ရှိတယ်။ ပြည်တွင်းမှာဆို ၇ လုံးစည်း တချောင်းကို ၄၅၀ ရောင်းရပါတယ်။ ပြည်ပကို ပို့မယ်ဆို ဝန်ဆောင်မူက ပိုလာပြီး ပို့တဲ့တံမြက်စည်းကို အိတ်စွပ်ပေးရပါတယ်။ အဲ့အတွက် ၈ လုံးစီးတစ်ချောင်းကို ၅၃၀ ကျပ် ရပါတယ်။ တိုက်ကြီးတံမြက်စည်းဆိုတာ ကျမတို့ငယ်ငယ်ကတည်းက နာမည်ရှိပြီးသား။ ဒါကြောင့် တိုက်ကြီးမြို့ရဲ့မိရိုးဖလာလုပ်ငန်းပါ။ အခုကျမတို့က ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိပါ ထိုးဖောက်နိုင်အောင် ကြိုးစားနေပါတယ်” လို့ တိုက်ကြီးမြို့နယ် စေတနာတံမြက်စည်း လုပ်ငန်းရှင် ဒေါ်ကြည်ကြည်ပြုံး က ပြောပါတယ်။

အလုပ်သမားတဦးဖြစ်သူ ကိုတိုးက “တနေ့ကို တံမြက်စည်း အချောင်း ၁၅၀ အထက်ရပါတယ်။ ငွေအားဖြင့်ဆို ရှစ်ထောင်၊ ကိုးထောင်လောက်ရပါတယ်၊ အလုပ်ရှင်ကလည်း တစ်နှစ်ပတ်လုံး ကုန်ကြမ်းစုဆောင်းပေးထားတော့ အလုပ်က အဆင်ပြေတာပေါ့။ တစ်ခြားအလုပ်ရှာစရာ မလိုတော့ဘူးလေ။ ဘယ်အလုပ်မဆို အခက်အခဲတော့ ရှိတာပေါ့။ တစ်နေကုန်ထိုင်လုပ်ကတော့ အညောင်းမိတယ်။ ကြိုးပတ်တဲ့အခါ အားစိုက်ရတာတို့ ရှိတာပေါ့။ ဘယ်အလုပ်မဆို ကျွမ်းကျင်သွားရင် အဆင်ပြေပါတယ်။ အဓိကတော့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်တဲ့သူဆို အလုပ်ရှင်အနေနဲ့ နှစ်ပတ်လည် ကုန်ကြမ်းစုပေးနိုင်ရင် ဒီအလုပ်က မိသားစုစားဝတ်နေရေးကို ကောင်းကောင်းဖြေရှင်း ပေးနိုင်ပါတယ်” လို့ ပြောပါတယ်။

တိုက်ကြီးမြို့မှာ တံမြက်စည်းလုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်လုပ်ငန်းအဖြစ် လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီး အခုအခါမှာတော့ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများကို တင်ပို့ရောင်းချပါတယ်။

သတင်း- မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013