ကျပ်သိန်းပေါင်း ၈ သောင်းခွဲခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတွေက နေရာသုံးနေရာမှာ ကျပ်သိန်း ၈ သောင်း ၄ ထောင်ကျော်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၅ ရက်နေ့က နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ကွတ်ခိုင်မြို့ဘက်မှ မန္တလေးမြို့ ဘက်ကိုမောင်းလာတဲ့ ယာဉ် ၂ စီးကို ရှာဖွေရာမှာ မော်တော်ယာဉ် ဆီတိုင်ကီ အံဝှက်တွေအတွင်းက အိုက်စ် ၇၀ ကီလိုတို့ကို တွေ့ရှိခဲ့တာပါ။
ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီနေ့မှာပဲ အဓိကတရားခံ ကျော်ဝင်း(ခ)လျိုရုန်းချမ်း ပိုင်ဆိုင်တဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ နေအိမ် နှင့် ဂိုဒေါင်တို့ကို တစ်ပြိုင်တည်း ဝင်ရောက် ရှာဖွေရာ ဂိုဒေါင်ထဲက မော်တော်ယာဉ် နှစ်စီးပေါ်ကနေ စပယ်ယာဘီးနဲ့ မြွေရေခွံအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာငွေကျပ် ၃၆၀ သိန်း၊ အလေးချိန် ၁၀ ကျပ်သားရှိ အကယ်ဒမီရွှေတုံး ၁၂ တုံး၊ ရွှေလက်ကိုင်အိတ် တစ်လုံးနဲ့ ရွှေထည် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာက လောက်ဝူးရဲ့နေအိမ်ကိုရှာဖွေရာ လောက်ဝူးအား မတွေ့ရှိဘဲ နေအိမ်က ဘိန်းဖြူ ၂၁ ကီလိုနီးပါး၊ ဘိန်းဖြူဘလောက်တုံး အကြေမှုန့် ၄၅၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ကျော်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။











