DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်မူကြမ်း လွှတ်တော်ထုတ်ပြန်
DVB
·
July 8, 2017
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်မူကြမ်း လွှတ်တော်ထုတ်ပြန်
Donate to DVB

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတခုကို ပြည်ထောင်စု လွှတ်တော် ဝက်ဘ်ဆိုဒ်မှာ မနေ့က တင်ထားတာတွေ့ရပြီး လွှတ်တော်ကော်မတီတွေကိုတော့ မရောက်သေးဘူးလို့ သိရပါတယ်။

“သေချာတာကတော့ ဒီနေ့အထိ ကျနော့်ဆီကို မရောက်သေးဘူး။ လွှတ်တော် ဝက်ဘ်ဆိုဒ်မှာ တင်တာတော့ မသိပါဘူး” လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒီဗွီဘီကို ပြောပါတယ်။

ပြင်ဆင်ချက်မှာတော့ ပုဒ်မ ၆၆ (ဃ) ကို အစားထိုး ပြင်ဆင်ထားပြီး ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ခြောက်လှန့်တောင်းယူတာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ရင် လို့ ပြင်ဆင်ထားပါတယ်။ မူလဥပဒေမှာပါတဲ့ အနိုင်အထက်ပြုတာ၊ မတရား တားဆီးကန့်ကွက်တာ၊ မလျော်သြဇာ သုံးတာတွေကို ဖြုတ်ထားတာ တွေ့ရပါတယ်။

ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ဥပဒေကြမ်းမှာ ဒီဥပဒေပါ ပုဒ်မတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပုဒ်မတွေလို့ ပြင်ဆင်ထားပါတယ်။ ပြီးတော့ ပုဒ်မ ၆၆ (ဂ) (ဃ)၊ ပုဒ်မ ၆၈ (က) တို့ကလွဲပြီး ကျန်ပြစ်မှုတွေကို တရားစွဲဆိုရင် ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ယူရမယ်လို့လည်း ပြင်ဆင်ထားပါတယ်။

ဒါ့အပြင် နစ်နာသူကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ်စားလှယ်က တိုင်တာမဟုတ်ရင် အရေးမယူဖို့လည်း ပြင်ဆင်ထားပါတယ်။

ဒီပြင်ဆင်ချက်ကို လွှတ်တော်မှာ ဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။

အရင် အစိုးရလက်ထက်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရတာ ၇ မှုရှိပြီး ၅ ယောက် ပြစ်ဒဏ်ကျခဲ့ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာတော့ တရားရုံးကိုရောက်နေတဲ့ အမှုပေါင်း ၆၅ မှု ရှိပြီး ပြစ်ဒဏ်ချပြီး ၁၁ မှု၊ အာမခံမရပဲ အချုပ်ကျနေတာ ၇ မှုရှိပါတယ်။

ဒီအမှုတွေထဲမှာ တပ်မတော်က စွဲဆိုတာ ၇ မှုနဲ့ အန်အယ်လ်ဒီပါတီက စွဲဆိုတာ ၆ မှု ရှိပါတယ်။

ဇွန်လကုန်အထိ စာရင်းတွေအရ သတင်းမီဒီယာသမားတွေကို စွဲဆိုထားတာ ၁၀ မှု ရှိပြီး သတင်းသမား ၁၄ ယောက် တရားရင်ဆိုင်နေရတယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013