
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် တိုက်ပွဲမှာ အာဏာရှင်စစ်တပ်က တရုတ်နိုင်ငံထုတ် ဒရုန်းတွေ ပိုမိုအသုံးပြုလာတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
အဘိမ်းမြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်က မန်နားရွာနဲ့ ၁၁၅ မိုင်၊ ငို့စင်ရွာအနီးတဝိုက်တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အာဏာရှင်စစ်တပ်တို့ ဒီနေ့ မေ ၂၈ ရက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေတာလို့ ဆိုပါတယ်။
စစ်ရေးသတင်းအရင်းအမြစ်က “တရုတ်ရဲ့ထောက်ပံ့မှုလို့ ထင်တယ်။ ဒရုန်းတွေ အားကောင်းလာတယ်။ အာဏာသိမ်းစစ်တပ်က နည်းပညာပိုင်းရော လက်နက်ပိုင်းပါ ပို ကောင်းလာတယ်။ လက်နက်ဆိုတာ တရုတ်ရဲ့ထောက်ပံ့မှုနဲ့ ဒရုန်းတွေ အလျှံအပယ် သုံးလာတယ်။ တညတခါ မိုးပေါ်မှာ ဒရုန်းတွေ ၁၀ စီးလောက်ကို မြင်ရတယ်။ ထောက်လှမ်းရေးဒရုန်းတွေ” လို့ DVB ကို ပြောပါတယ်။
အာဏာရှင်စစ်တပ်ဟာ မဘိမ်းတိုက်ပွဲမှာ ဒရုန်းမျိုးစုံကို အသုံးပြုနေတတာဖြစ်ပြီး ဒလက် ၄ လက်ပါ ဒရုန်း၊ ၆ လက်ပါဒရုန်းတွေကို မြင်တွေ့ရပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလည်း ဒရုန်းအများအပြားနဲ့ တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ဗုံးချတဲ့ဒရုန်းတွေက မနက်ပိုင်း၊ နေ့လယ်နဲ့ ည နေမိုးချုပ်လောက်မှာ ဗုံးလာကြဲတာ။ အုပ်စုလိုက်တော့ မလာဘူး။ တစီး ပြန်သွားလိုက်၊ တစီး ပြန်ရောက်လာလိုက်ပဲ။ အလွန်အကျွံကို အသုံးပြုနေတာ။ လေကြောင်းကအလာ နည်းပါတယ်၊ အဓိက ဒရုန်းတွေပဲ” လို့ ပြောပါတယ်။
မနေ့ကလည်း အာဏာရှင်စစ်တပ်ဟာ ရဟတ်ယာဥ်တစီးနဲ့ စစ်သုံးအထုပ်နှစ်ထုပ် ချပြီးနောက် ရဟတ်ယာဥ်ပေါ်ကနေ စက်လက်နဲ့ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အာဏာရှင်စစ်တပ်တွေဟာ ခတ်ခုံ၊ မန်နား၊ ငို့စင်ရွာတွေကနေ အရပ်သားတွေရဲ့ လယ်ယာပစ္စည်းတွေ၊ လယ်ထွန်စက်တွေကို ယူဆောင်သွားသလို နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်သွားတယ်လို့ သိရပါတယ်။










