DVB Logo
Home
မြန်မာသတင်း
ကျောက်ပုစွန်နှင့်ကင်းပုစွန်များကို ထိုင်းနိုင်ငံသို့ တရားမ၀င် တင်ပို့နေ
DVB
·
July 8, 2017
ကျောက်ပုစွန်နှင့်ကင်းပုစွန်များကို ထိုင်းနိုင်ငံသို့ တရားမ၀င် တင်ပို့နေ
Donate to DVB

ကျောက်ပုစွန် (ပဂဲ) နဲ့ ကင်းပုစွန်တွေကို ရာသီပိတ်သိမ်းထားပေမယ် ထိုင်းနိုင်ငံကို တရားမ၀င်တင်ပို့နေ မှုတွေ ရှိနေတယ်လို့  မြိတ်မြို့မှ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ငါးသားပေါက်ရာသီအတွင်း ရာနှုန်းပြည့် ဖမ်းဆီးတာ၊ ရောင်းချတာ၊ ၀ယ်ယူတာကို ပိတ်သိမ်းထားပေမယ့် ကျောက်ပုစွန် နဲ့ ကင်းပုစွန်တွေကို ပင်လယ်ပြင်အတွင်းမှ လှေတွေနဲ့ သယ်ယူကာ ထိုင်းနိုင်တွင်း တရားမ၀င်တင်ပို့နေကြောင်း သိရပါတယ်။

“ကျနော်တို့ တရားဝင်လုပ်နေတဲ့ လုပ်ငန်းဖြစ်တယ် ပွင့်လင်းရာသီမှာ ရန်ကုန်ကို လေကြောင်းလိုင်းနဲ့ ပို့တယ်။ အခုရာသီပိတ်ထားတယ်/ ဒါပေမယ့် ထိုင်းကို ပင်လယ်ဘက်ကနေ တရားမ၀င်ပို့နေတာကို ကျနော်တို့ သတင်းရထားတယ်။ ထိုင်းကလည်း တရားမ၀င် ၀ယ်ယူနေတယ်။ ကျနော်တို့ လိုချင်တဲ့ပုံစံက အားလုံးတရားဝင် လမ်းကြောင်းပေါ်မှာရှိ နေစေချင်တယ်။ အခုက တရားဝင်လုပ်တဲ့သူတွေကိုတော့ လုပ်ငန်းရာနှုန်းပြည့်ပိတ်ထားတယ်။ တရား မ၀င်သွားနေတဲ့ သူတွေကိုတော့ တားဆီး နိုင်ခြင်းမရှိဘူးဖြစ်နေတယ်။ ဒါတွေက တိုင်းပြည်အတွက် အလွန်နစ်နာပါတယ်” လို့ မြိတ်မြို့ ကန်ဖျားရပ်မှာရှိတဲ့ ပဂဲလုပ်ငန်းရှင်တဦးက ဆိုပါတယ်။

ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ရာသီပိတ်သိမ်းထားတယ်ဆိုတဲ့ ကျောက်ပုစွန်နဲ့ကင်းပုစွန်တွေကို ၀ဲကျွန်း၊ မဲတော၊ ငမန်းချောင်းတောင် လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံကို တရားမ၀င်တင်ပို့နေပြီး ထိုင်းနိုင်ငံကလည်း မြန်မာရေပိုင်နက်အထိလာရောက်ပြီး လှေတွေနဲ့ ကဲ့ယူပေးနေတယ်လို့ ကျောက်ပုစွန်လုပ်ငန်းရှင်တဦးက ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်အတွင်းမှာတော့ ကျောက်ပုစွန်နဲ့ ကင်းပုစွန်တွေကို ဒုံးကျွန်း၊ စခန်းသစ်ကျွန်း၊ ဆူလာကျွန်း၊ မီးစိမ်းကျွန်း တစ်ဝိုက်မှာတွေ့ရှိရပေမယ့် အခုအခါရှားပါးလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ တရားဝင်လုပ်ငန်းဆောင်ရွက်နေတဲ့သူများက ကျောက်ပုစွန်ကို မြိတ်မြို့မှာဝယ်ယူပြီး အရှင်အတိုင်း ရန်ကုန်မြို့ကို လေယာဉ်နှင့်ပြန် လည်ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အီးယူက သတိပေးအရေးယူမှုများကို ရင်ဆိုင်နေရပေမယ့် ရေထွက်ပစ္စည်းတွေကို နည်းလမ်းအမျိုးမျိုးဖြင့် တရားမ၀င်ဝယ်ယူနေဆဲ ဖြစ်တယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောကြားပါတယ်။

အထူးသဖြင့် မြိတ်ကျွန်းစုအတွင်းက ရေထွက် ကုန်တွေကို နည်းလမ်းပေါင်းစုံနဲ့ တရားမ၀င် ၀ယ်ယူပြီး ငါးပုစွန်ဈေးကွက်ကြီး လည်ပတ်နိုင်အောင်ဆောင် ရွက်နေကာ အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေတယ်လို့ သိရပါတယ်။

ငါးလုပ်ငန်းဦးစီးဌာန အနေနဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင်  ကျောက်ပုစွန်နဲ့ ကင်းပုစွန်တွေကို ဖမ်းဆီးခြင်းမပြုဖို့ တားမြစ်ထားပေမယ့် ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ရောင်းဝယ်နေသူများ အနေနဲ့ တရားမ၀င် ရောင်းချနေမှုများပြုလုပ်နေတဲ့ အတွက် ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သေချာစွာ စစ်ဆေးတားမြစ်ပေးဖို့ လိုအပ် နေကြောင်း လုပ်ငန်းရှင်တွေက ပြောကြားခဲ့ပါတယ်။

ကျောက်ပုစွန်က လက်ရှိမှာ  ၁ ကီလို ဘတ် ၁၄၅၀ ပေါက်ဈေးရှိပြီး ကင်းပုစွန်ကတော့ ၁ ကီလိုကို ဘတ် ၁၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013