DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံပါက အလုပ်သမားကတ်များ ထုတ်ပေးမည်
DVB
·
July 7, 2017
မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံပါက အလုပ်သမားကတ်များ ထုတ်ပေးမည်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးတော့မှာမဟုတ်ဘဲ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံနိုင်ရင် တရားဝင် အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးသွားတော့မှာ ဖြစ်ပါတယ်။

နေပြည်တော်မှာရှိတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို ထိုင်းနိုင်ငံအလုပ် သမားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးဆောင်တဲ့ အဖွဲ့ရောက်ရှိလာပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လက်တလောဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ထိုင်းအစိုးရအနေနဲ့ ဖမ်းဆီးပြီး နေရက်ပြန်ပို့နေတဲ့ကိစ္စတွေ၊ ထိုင်းနိုင်ငံအတွင်းမှာ ကျန်ရှိနေသေးတဲ့ မြန်မာလုပ်သားတွေရဲ့ အခြေအနေတွေ၊ အလုပ်သမားမှတ်ပုံတင် ကိစ္စတွေအပြင် အလုပ်သမားတင်ပို့နေမှု ပုံစံတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးမှုအပြီးမှာတော့ ထိုင်းနိုင်ငံ အလုပ်သမားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ ဖမ်းဆီးပြီး နေရပ်ပြန်ပို့နေမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအစိုးရကသာ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံပေးမယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ တရားမဝင်မြန်မာလုပ်သားတွေကို တရားဝင်အလုပ်သမား မှတ်ပုံတင်ကတ် ထုတ်ပေးသွားမယ်လို့လည်း ပြောဆိုခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

“အလုပ်ရှင်တွေကလည်း မြန်မာလုပ်သားတွေကို ဖမ်းဆီးပြီး ပြန်ပို့နေတဲ့အတွက် ကုန်ထုတ်လုပ်မှုတွေ ထိခိုက်တယ်လို့ တောင်းဆိုတဲ့အတွက် ကျနော်တို့နဲ့ လာရောက်ညှိနှိုင်းမှုတွေ လုပ်ချင်ပါတယ်ဆိုပြီး၊ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ကျနော်တို့ကို တောင်းဆိုတယ်။ အဲကိစ္စကို အထက်လူကြီးတွေကို တင်ပြတော့ လက်ခံတွေ့ဆုံဖို့ ပြောတဲ့အတွက် ဒီကနေ့ကျနော်တို့ လက်ခံတွေ့ ဆုံတယ်။ သူတို့ပြောတာက အခုဆိုရင် ဖမ်းဆီးမှုတွေကို ရပ်ဆိုင်းဖို့ညွှန်ကြားထားပြီး မဖမ်းတော့ဘူး။ တရားမဝင် မြန်မာအလုပ်သမားတွေကို သူတို့အလုပ်ရှင်က သူ့အလုပ်မှာ တကယ်လုပ်နေပါတယ်လို့ ထောက်ခံမယ်ဆိုရင် သူတို့ကစစ်ဆေးပြီး ကျနော်တို့ဆီကို အချက်အလက်တွေပေးပို့မယ်။ ကျနော်တို့က မြန်မာနိုင်ငံသားဖြစ်တယ်လို့ အတည်ပြုပေးရင် တခါတည်း တရားဝင် အလုပ်သမားဖြစ်ကြောင်း မှတ်ပုံတင်ကတ် ထုတ်ပေးသွားမယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားရေး ဝန်ကြီးကပြောပါတယ်။”

ထိုင်းနိုင်ငံအစိုးရရဲ့ ဖမ်းဆီးမှုတွေကြောင့် နေရပ်ပြန်လာခဲ့ရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ လက်ရှိအချိန်မှာတော့ ၄၃၀၀၀ လောက်ရှိနေပြည်ဖြစ်တယ်လို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုပါတယ်။

ထိုင်းအစိုးရက ဖမ်းဆီးခံစစ်ဆေးနေတဲ့ မြန်မာအလုပ်သမားတွေကိုလည်း ချက်ချင်း လွှတ်ပေးနေတယ်လို့ ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီးဌာနက ပြောကြောင်း ၀န်ကြီးက ဆိုပါတယ်။

“ဒီကနေ့ဆိုရင် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အလုပ်သမားဦးရေက ၄၃၀၀၀ လောက်ရှိနေပြီ။ ဒါတောင် သူတို့ဆီမှာ ဖမ်းထားတာ ၃၀၀ လောက်ရှိသေးတယ်လို့ သတင်းကြားထားလို့ အဲကိစ္စကို တခါတည်းမေးလိုက်တယ်။ သူတို့လည်း ဆွေးနွေးပွဲခန်းမကနေ ချက်ချင်းထွက်ပြီး ဆက်သွယ်မေးမြန်းတယ်။ ဒီကနေ့ ငါးဆယ်ကို လွှတ်ပေးလိုက်ပါပြီ။ ရာသီဥတုအခြေအနေနဲ့ စက်လှေအခြေအနေကြောင့် ချက်ခြင်းမလွှတ်သေးတာလို့ ပြန်ဖြေတယ်”

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံအတွင်း ပြန်လည်ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေလည်း သူတို့ရဲ့ အလုပ်ရှင်တွေက ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိမယ်၊ အလုပ်သမားတွေကလည်း ပြန်လည်လုပ်ကိုင်ဖို့ ဆန္ဒရှိမယ် ဆိုပါက မြန်မာအစိုးရရဲ့ ထောက်ခံချက်နဲ့ တရားဝင်အလုပ်သမားအဖြစ် ပြန်လည်စေလွှတ်ပေးမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013