DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက် ၃ ဦးကို သီပေါတရားရုံးတွင် ရုံးထုတ် တရားစတင်စွဲဆို
DVB
·
July 7, 2017
ဖမ်းဆီးခံသတင်းထောက် ၃ ဦးကို သီပေါတရားရုံးတွင် ရုံးထုတ် တရားစတင်စွဲဆို
Donate to DVB

သီပေါအကျဉ်းထောင်မှာ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁)နဲ့ အရေးယူ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့  သတင်းထောက် ၃ ဦး အပါအဝင် ၆ ဦးကို  ဒီကနေ့ မနက် သီပေါမြို့နယ် တရားရုံးမှာရုံးထုတ်ပြီး စတင် တရားစွဲဆိုလိုက်ပါတယ်။

နမ့်ဆန်မြို့နယ်  ဒုရဲမှူးဦးသန်းဆွေက “ဒီနေ့ ကျနော်တို့ တရားစွဲတယ်ဗျ၊ တရားခံ ၆ ဦးကို ကျနော်တို့ နမ့်ဆန်မြို့မ ရဲစခန်းက ဒီနေ့တရားစွဲတယ်။ တရားစွဲပြီးတော့ ချုပ်မိန့်က ဇူလိုင် ၂၁ ရက်နေ့အထိ တရားသူကြီးရဲ့ ချုပ်မိန့်ပေါ့။ တရားခံတွေရဲ့ နယ်မြေလုံခြုံရေးအခြေအနေအရ  တရားသူကြီးအချင်းချင်း လားရှိုးတို့ တောင်ကြီးတို့ တင်ပြပြီးတော့ တရားသူကြီးချင်း ချိတ်ဆက်ပြီးတော့ တရားစွဲရတယ်” လို့ ပြောပါတယ်။

မူလက  ဇူလိုင် ၁၁ ရက်နေ့ ရုံးချိန်းထားရာကနေ နယ်မြေလုံခြုံရေးအခြေအနေကြောင့် စောပြီး တရားစွဲလိုက်တာလို့လည်း သီပေါရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

သီပေါမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်ဝင်းက “ဒေသ နယ်မြေလုံခြုံရေးအရ စဉ်းစားပြီးတော့ ကာယကံရှင်တွေရဲ့လုံခြုံရေးအရ စိုးရိမ်ပြီးတော့ ဇူလိုင် ၂၁ ရက်နေ့အထိ ရုံးချိန်းရွှေ့လိုက်တယ်။ သီပေါမြို့နယ် တရားရုံးပဲ ထုတ်မယ်၊ အဲဒီနေ့မှာ တရားရုံးပြောင်းလျှောက်မယ် ပြောတာ၊ သီပေါ တရားရုံးပဲ ကျမယ် ကြားရပါတယ်။  ကျနော်တို့ တရားစွဲ အဖွဲ့အစည်းက ရမန်ယူထားတာ ၁၁ ဆိုပြီးတော့ ကြားထဲမှာ အမှုတည်ဆောက်ပြီးစီးတဲ့အခါကျတော့ ကြိုက်တဲ့အချိန် တရားစွဲလို့ ရတယ်၊ နောက်ကျရင်သာ မရတာ၊ စောရင်ရတယ်၊ အဲဒါကြောင့် စောပြီးစွဲလိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး တပ်မတော်က မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နဲ့  မူလက သီပေါမြို့နယ်မှာ အမှုဖွင့်ထားရာက နမ့်ဆန်မြို့နယ်မှာ ပြောင်းလဲ အမှုဖွင့်ထားခဲ့ပြီး  လုံခြုံရေးအရ သီပေါမြို့နယ် တရားရုံးမှာ စစ်ဆေးမယ်လို့ နမ့်ဆန်မြို့နယ် ရဲစခန်းက ဒုရဲမှူးဦးသန်းဆွေက ပြောပါတယ်။

“နမ်ဆန်မြို့နယ်မှာ ဖြစ်ပွားတဲ့အတွက် နမ့်ဆန်မြို့နယ် တရားရုံးမှာပဲ တရားစွဲရမှာ၊ အမှုတွဲကတော့ နယ်မြေအခြေအနေအရ သီပေါမြို့နယ် တရားရုံးမှာ အမှုကို ကျနော်တို့ ပြောင်းရွှေ့ပြီးတော့ စစ်မှာပေါ့။ ဒါကတော့ နယ်မြေအခြေအနေအရ လှုပ်ရှားရတာကို” လို့ ဒုရဲမှူးဦးသန်းဆွေက ပြောပါတယ်။

ဒီဗွီဘီသတင်းဌာနက အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ မိုင်းအောင်ခမ်းတို့ ၆ ဦးဟာ ဇွန်လ ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲက အပြန်လမ်းမှာ တပ်မတော် စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

သီပေါအကျဉ်းထောင်မှာ သတင်းသမားတွေနဲ့အတူ ဖမ်းဆီးခံထားရသူ ၃ ဦးကို မိသားစုဝင်တွေက ထောင်ဝင်စာ နှစ်ကြိမ် တွေ့ခွင့်ရခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒရမ်တီးတဲ့ မိုင်းထွန်းအေးရဲ့ဖခင်ဖြစ်သူ ဦးမောင်ဌေးက “၂ ခေါက် သွားတွေ့တယ်။ ကျန်းမာရေးကောင်းပါတယ်။ သူက ပြောပါတယ်၊ ကျနော်က တီးဖို့ဆိုဖို့ပဲ သွားတာတဲ့၊ တီးဝိုင်းအဖွဲ့တွေပေါ့၊ တီးဝိုင်းဆရာက ခေါ်သွားတယ်တဲ့ ဟိုကိုမရောက်ဘူးတဲ့ ဟိုမုန်းမှာပဲ သွားအိပ်တယ်တဲ့၊ ပွဲမှာရောက်တော့ ပွဲမဖြစ်တော့ဘူးတဲ့။ တိုက်ပွဲဖြစ်နေလို့တဲ့။ ကျနော်တို့ သွားမဖြစ်တော့ ပြန်လှည့်ပြန်လာခဲ့တယ်တဲ့။ ကြုံရာကားနဲ့ လိုက်လာခဲ့တာတဲ့။ အေး ဘာတတ်နိုင်မှာလဲ အဖြေမှားသွားလို့လား မသိဘူး။ ဘာမှ မတတ်နိုင်တော့ဘူး။ သူတို့ကို ရိုးရိုးသားသားပဲ စစ်တယ်တဲ့၊ ရိုက်တာတို့ နှက်တာတို့ မရှိပါဘူး။”

ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တဲ့ ကားမောင်းတဲ့ မိုင်းဆန်းညွန့်ရဲ့ အစ်ကိုဖြစ်သူ ကိုမြင့်ဝင်းကလည်း “အင်္ဂါနေ့တုန်းက ကျနော် သွားတွေ့တယ်၊ ကျန်းမာရေးတော့ ကောင်းပါတယ်ဗျာ။ ဒီတိုင်းပဲ သွားတွေ့တယ်၊ ရှေ့နေတွေ ဘာတွေမရှိသေးဘူး။ ညီလေးကို စိုးရိမ်လို့ သွားတွေ့တယ်၊ သူတို့ကပွဲသွားတာ သွားလည်ရင်းနဲ့ ပြန်လာတဲ့အချိန်ကျတော့ အဲဒါမျိုးဖြစ်သွားတာ။ သူတို့ မောင်းလာတာ။ သတင်းထောက်နဲ့ ရောရောင်သွားတယ်ဆိုတော့ သူတို့လည်း ဘာမှမတတ်နိုင်တော့ဘူး၊ ဖြစ်နိုင်ရင်တော့ ကျနော့်ညီတွေကို လွတ်စေချင်တာပေါ့။ သူတို့လည်း ပွဲသွားကြည့်ပြီးပြန်လာ၊ သတင်းထောက်တွေကလည်း လားရှိုးရောက်ရင်ပြီးရော ဆိုပြီး ကားကြုံနဲ့လိုက်လာတာ၊ သူတို့လည်း  ကားကြုံတင်လာတာပေါ့၊ သူတို့လည်း ပွဲကြည့်ပြီး မူဆယ်ကို ပြန်လာတာဆိုတော့ အတူတူပြန်လာတာပေါ့၊ ပြန်လာတော့ လမ်းတဝက်မှာ အဲလိုဖြစ်သွားတာ”လို့ပြောပါတယ်။

သတင်းထောက်တွေရဲ့ မိသားစုဝင်တွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ပြီး သူတို့ရဲ့ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013