လောင်းကစားအဆင့် ဂိမ်းဆိုင်များ အရေးယူရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 7, 2017
မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ မြို့တော်စည်ပင်သာယာရေးကော်မတီဆီကနေ ကလေးအားကစားကွင်း လိုင်စင် လျှောက်ထားပြီး စီးပွားဖြစ် အကြွေစေ့သုံး လောင်းကစားအဆင့် ဂိမ်းဆိုင်တွေကို စိစစ်ဖော်ထုတ် ပိတ်သိမ်း အရေးယူခြင်းတွေ တပြေးညီဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ အဆိုကို အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း က ဇူလိုင်လ ၇ ရက်နေ့ ကျင်းပပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။
“ရဲတပ်ဖွဲ့ကို စုံစမ်းဖော်ထုတ်ပြီးတော့ အလုပ်လုပ်ကြဖို့ ဒီလောင်းကစားဂိမ်း နည်းပညာတွေဟာ တဖြည်းဖြည်း တိုးမြှင့်လာတယ်။ နောက်ဆုံး ဘယ်လောက်ထိ တိုးမြှင့်လာမလဲ ဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ ဒီအကြွေစေ့သုံးတဲ့ လောင်းကစားနည်းတွေ ငွေကြေးပုံပြီးတော့ လောင်းကစားနဲ့ ကာစီနို ဂိမ်းမျိုးတွေဟာ မြန်မာနိုင်ငံကို ၀င်ရောက်ပြီးတော့ လောင်းကစားဈေးကွက်တခုကို ဖွင့်နေတဲ့ အတွက် ဒါကို အချိန်မီတားဆီးပေးဖို့အတွက် ဒါကို ကျနော်က လွှတ်တော်မှာတင်ပြခြင်းဖြစ်ပါတယ်”လို့ ဦးအောင်သိန်း ကပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း တနိုင်ငံလုံးမှာ လောင်းကစားအမှုပေါင်း ၂၃၇ မှု ဖမ်းဆီးမိခဲ့ပြီး တရားခံ ၅၉၀ ဦးကို အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလောင်းကစားမှုတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ၆၈ မှုနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၂၉ မှု ဖမ်ဆီးမိခဲ့ပြီး နှစ်လုံးထီ ၉၆ မှု၊ ချဲ့ ၃၅ မှု၊ ဖဲ ၅၂ မှု၊ ဂျင် ၁ မှုနဲ့ အခြားအမှု ၅၃ မှု ကိုဖမ်းမိခဲ့တာပါ။
အကြွေစေ့ဂိမ်း လောင်းကစားဆိုင်တွေကို မြို့ကြီးတော်တော်များများမှာ လုပ်ကိုင်နေကြပြီး အဲဒီလို စီးပွားဖြစ် (Game)လောင်းကစားဆိုင်တွေ ဖွင့်လှစ်လာတဲ့အတွက် ကျောင်းသား၊ လူငယ်လူရွယ်၊ လူလတ်မျိုးစုံ တဖြည်းဖြည်း အကျင့်စာရိတ္တ ထိခိုက်ပျက်ပြားမှုတွေ ဖြစ်ပေါ်လာနေတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၂၂ ခုမှာဆိုရင် လောင်းကစား “ငါးဂိမ်း” ဆိုင်ပေါင်း ၂၀ ကျော်ရှိတယ်လို့ ဦးအောင်သိန်း ကပြောပါတယ်။