DVB Logo
Home
Lead Story
မကျက်တကျက်ပေါင်မုန့်နဲ့ မြန်မာ့ပညာရေးလောက
DVB
·
July 7, 2017
မကျက်တကျက်ပေါင်မုန့်နဲ့ မြန်မာ့ပညာရေးလောက
Donate to DVB

ဟိုတချိန်ကပေါ့။ တော်လှန်ရေးကောင်စီခေတ်မှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ဗိုလ်နေဝင်းပါ။ သူ့ကို “ပညာတတ်မုန်းတီးရေးရောဂါ ရှိတဲ့သူ” လို့ ပညာတတ် အသိုင်းအဝန်းက သတ်မှတ်ထားကြပါတယ်။

သူကလည်း တက္ကသိုလ်ပညာတတ်အချို့ အမြင်မကြည်တာကလည်း ရှိတော့ အဲ့ဒီ ဆရာတွေကို ဖြုတ်ချင်တာရယ်၊ ဘာသာပြန်အသင်းနဲ့ ဖာနီဗယ်ထောင်ခဲ့တဲ့ သုတေသန အသင်းတို့ကို ဖျက်သိမ်းချင်တဲ့အခါ “မြန်မာစာပညာရှိ ဆိုတဲ့သူတွေကလည်း Half-baked Bread (မကျက်တကျက်ပေါင်မုန့်တွေပါကွာ) လို့ပြောပြီး ဖော်ပြပါဌာနတွေကို ဖျက်သိမ်းလိုက်သလို ဆရာကြီးတွေကိုလည်း တာဝန်က ရပ်စဲလိုက်ပါတော့တယ်။

“အဲ့ဒီဗိုလ်နေဝင်းပြောတဲ့ မကျက်တကျက်ပေါင်မုန့်တွေလည်း တက္ကသိုလ်မြေက ထွက်သွားရော ဗိုလ်နေဝင်းဟာ ပညာရေးစနစ်ကြီးကို သူ့စိတ်ကြိုက် ဖျက်ဆီးပါလေရောဗျာ” လို့ ခေတ်အဆက်ဆက် တက္ကသိုလ်ဆရာကြီးတွေ ပြောတာကို မှတ်သားခဲ့ရဖူးတယ်။

တကယ်တမ်း သမိုင်းကို ပြန်ကြည့်ရင် ၁၈၅၂ နောက်ပိုင်းကတည်းက အောက်မြန်မာပြည်ဟာ ဥရောပ ပညာရေးကို ထိတွေ့ခွင့်ရခဲ့ကြတာပါ။ ၁၈၈၆ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်အောက် ကျရာက်ချိန်ကစလို့ တနိုင်ငံလုံး ဘုန်းကြီးကျောင်းသင် ပညာရေးကနေ ဥရောပ ပညာရေးအဖြစ် ပြောင်းလာခဲ့ပါတော့တယ်။

အစပိုင်းမှာ အင်္ဂလိပ်တို့ဟာ ပညာရေးအပြောင်းအလဲ ကွာဟချက် လျှော့ချဖို့ ဘုန်းကြီးကျောင်းသင်ပညာရေးနဲ့ ပူးတွဲသွားဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။ အဆင်မပြေနိုင်တဲ့ အတွက် သီးခြားကျောင်းတွေဖွင့် သင်ကြားခဲ့ရတာပါ။ ဒါပေမယ့် ၁၉၂၀ ရန်ကုန်တက္ကသိုလ် ဥပဒေကို သပိတ်မှောက်ရာကစလို့ မြန်မာပညာရေးဟာ တည်ငြိမ်မှုမရှိ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

တကယ်တော့ နိုင်ငံရေးမတည်ငြိမ်ရင် ပညာရေးလည်း မတည်ငြိမ်နိုင်ပါဘူး။ မြန်မာ ပညာရေးသမိုင်းတခုလုံးဟာ နိုင်ငံရေးမတည်ငြိမ်တိုင်း ပညာရေးကို လာရောက်ထိပါးလာတာကို တွေ့ရတယ်။

ပညာရေး မတည်ငြိမ်နိုင်ဘဲနဲ့တော့ တိုးတက်ခေတ်မီတဲ့ ပညာရည် မြင့်မားလာဖို့ဆိုတာ စိတ်ကူးယဉ်တာပဲ ဖြစ်မှာပါ။ မြန်မာ့နိုင်ငံရေးမှာ အုပ်ချုပ်သူတယောက် ပြောင်းတာနဲ့ ပညာမူဝါဒလည်း ပြောင်းသွားတော့ တည်ငြိမ်တဲ့ ပညာရေးကို အခုချိန်ထိ မရောက်ရှိနိုင်သေးဘူးလို့ ဆိုရမှာပါ။

အမည်နာမအရ စနစ်သစ်ပေါင်းများစွာ ဖြစ်ပေါ်နေမှုကလည်း အခုထိ မသစ်နိုင်သေးပါဘူး။ အမျိုးသားပညာရေးလို့ ဆိုလိုက်တာနဲ့ အဲဒီဥပဒေဟာ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဝါဒစွဲ၊ ပါတီစွဲကင်းပြီး တမျိုးသားလုံးရဲ့ ရေရှည်အကျိုးစီးပွားအပေါ် အခြေပြုရေးဆွဲကြရမှာပါ။

“ဗုဒ္ဓဘာသာကလျာဏယုဝ” အသင်း စတင်ပေါ်ပေါက်စဉ်ကတော့ အမျိုး ဘာသာ သာသနာအပြင် ပညာကိုပါ ထည့်သွင်းကြွေးကြော်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ပညာဆိုတဲ့အသံဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ လူမျိုး ဘာသာ သာသနာ အစွဲဟာ ပညာကို ကျော်လွန်သွားခဲ့တယ်လို့ ပညာရှင်တွေ သုံးသပ်ခဲ့ကြပါတယ်။

ဒါဟာ မြန်မာ့ပညာရေးရဲ့ လက်ရှိဖြစ်ပေါ်နေမှု အခြေအနေမှန်တွေပါပဲ။ အမျိုးသားပညာရေးမူဝါဒဆိုတာ ဒါတွေကို ကျော်ဖြတ်ပြီး နိုင်ငံရေရှည်အကျိုးစီးပွားကို ရှေ့ရှုကြရမှာပါ။ ဘာလို့လဲဆိုတော့ ပညာရေးနဲ့ပတ်သက်တဲ့ မူဝါဒအားလုံး  (အခြေခံပညာဥပဒေ၊ ကိုယ်ပိုင်ကျောင်းဥပဒေ၊ ဘာသာရပ်သင်ပညာ ဥပဒေ၊ တက္ကသိုလ်ပညာရေး ဥပဒေ) ဟာ အမျိုးသားပညာရေးဥပဒေ မူဝါဒအပေါ် အခြေခံ ရေးဆွဲကြရလို့ပါပဲ။

အခုလည်း ကိုယ်ပိုင်ကျောင်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေဟာလည်း အမျိုးသားပညာရေးဥပဒေကို ကျော်လွန်ခွင့် မရှိပါဘူး။ အမျိုးသားပညာရေးဥပဒေကရော အစွန်းလွတ်ပါရဲ့လားဆိုတာ စဉ်းစားစရာပါ။

ကိုယ်ပိုင်ကျောင်းဥပဒေက ဘယ်လိုပင် ပြဋ္ဌာန်းထားပေမယ့် ဥပဒေအထက် ကျော်လွန်နေခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဥပဒေ စစ်ဆေးခွင့်၊ အရေးယူခွင့်တွေကို ခေါက်ရိုးကျိုးနေတဲ့ ဝန်ထမ်းတွေကို ဘယ်လို ကိုင်တွယ်ကြမလဲ။ ဥပဒေနဲ့မညီတာတွေကို ဘာလို့ ခွင့်ပြုခဲ့သလဲ။ ကိုယ်ပိုင်ကျောင်းအပြင် ဘာသာရပ်သင်ကျောင်း (ကျူရှင်) တွေကို ခွင့်ပြုထားသေးသလား။ စတာတွေဟာ ဒီနေ့ ပညာရေးလောကအတွက် စဉ်းစားချင့်ချိန်စရာ ကောင်းတာကြောင့် ဒီဗွီဘီရဲ့ ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ အစီအစဉ်မှာ ဆွေးနွေးတင်ဆက်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

ပင်တိုင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေဖြစ်တဲ့ Dr. Thang Tuan (ပညာရေးကျွမ်းကျင်သူ)၊ ဦးနေနိုင်ဦး (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်ဝင်းမင်းအေး (စွမ်းရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်းဆရာမ) တို့ကို အစီအစဉ်တင်ဆက်သူ ဦးခင်သန်းက ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။

ကိုယ်ပိုင်ကျောင်းဥပဒေအရ စစ်ဆေးခြင်းနဲ့ပတ်သက်ပြီး Dr. Thang Tuan က ဖြေရာမှာ လျောက်လွှာမတင်ဘဲ အပြင်ဘက်မှာ ဖွင့်တာလည်း ရှိတယ်။ မှတ်ပုံမတင်ရင် ကြီးကြပ်လို့မရဘူး။ ဒါ့အပြင် ဥပဒေအထက်က ပုဂ္ဂိုလ်တွေဖွင့်တဲ့ ကျောင်းတွေကိုလည်း ကြီးကြပ်လို့မရဘူး” လို့ ပြောသွားပါတယ်။

ဦးနေနိုင်ဦးကလည်း “ဥပဒေရော နည်းဥပဒေပါ ထွက်ပြီးဖြစ်လို့ နှစ်ဦးနှစ်ဘက် လိုက်နာဖို့လိုပါတယ်။ စစ်ဆေးရေးတွေမှာလည်း စဉ်ဆက်မပြတ် ကြည့်ရှုပေးဖို့လည်း လိုပါတယ်” လို့ ဆွေးနွေးသွားတယ်။

ဒေါ်ဝင်းမင်းသန်းကတော့ “မူဝါဒတွေဟာ အမျိုးသားပညာရေးဥပဒေနဲ့လည်း ကိုက်ညီဖို့လိုပါတယ်။ ကိုယ်ပိုင်ကျောင်းတွေ များလာတာနဲ့အမျှ ကျွမ်းကျင်ဆရာ ရှားပါးမှု ဖြစ်လာသလို အတွေ့အကြုံ ၅ နှစ်ဆိုတဲ့ ကန့်သတ်မှုကိုလည်း လျှော့ပေါ့စဉ်းစားသင့်တယ်။ ဆရာဖြစ် ရက်တိုသင်တန်းကလည်း တကြိမ်ပဲဖွင့်တာ တွေ့ရတယ်။ ထပ်ဖွင့်တာလည်း မတွေ့ရတော့ကြောင်း” ဆွေးနွေးသွားကြပါတယ်။

အားလုံးတူညီစွာ ဆွေးနွေးကြတာကတော့ နိုင်ငံတော်အနေနဲ့ National Education Stand (အမျိုးသားပညာရေး စံချိန်စံညွှန်း) တရပ် ချမှတ်ပေးသင့်တယ် ဆိုတာပါပဲ။ ဒီအချက်ဟာ အမှန်တကယ် လိုအပ်ချက်တရပ် ဖြစ်နေပါတယ်။

ဆွေးနွေးတင်ဆက်မှု အစီအစဉ် ပြီးဆုံးသွားပါပြီ။ ဆွေးနွေးကြတာတွေကလည်း ပြည့်စုံမျှတမှု ရှိပါတယ်။ မြန်မာ့ပညာရေးလောက အခြေနေကတော့ အခုချိန်ထိ “မကျက်တကျက်ပေါင်မုန့်” အဆင့်ကိုတောင် မရောက်ရှိနိုင်သေးတာကိုတော့ ပညာရေး လောကသားအချို့က သိထားပြီးသားပါ။

၁၉၂၀ ခုနှစ်ကနေ စတင်တွက်ရင် ပညာရေးဥပဒေဟာ ၁၉၅၃ ခုနှစ်ထိ ၉ ကြိမ်တိုင်တိုင် ပြောင်းလဲလာခဲ့တာကိုလည်း တွေ့ခဲ့ရတယ်။ အဲဒီနောက်ပိုင်းလည်း အကြိမ်ကြိမ်ပြင်ဆင်ခဲ့သလို ၁၉၆၂ ခုနှစ် နောက်ပိုင်းကစပြီး မြန်မာ့ပညာရေးလောကဟာ အမှောင်ဖုံးလွှမ်းခဲ့တာ ဒီနေ့အထိလို့ပဲ ဆိုရမှာပါ။

အနာဂတ်ကိုမျှော်ပြီး အစွဲကင်းတဲ့ အမျိုးသားပညာရေး မူဝါဒတရပ်ကသာ တမျိုးသားလုံးအကျိုးကို ဖော်ဆာင်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013