
မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ကုလသမဂ္ဂ အချက်အလက်ရှာမစ်ရှင်အဖွဲ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေနဲ့ မပတ်သက်ဖို့ မြန်မာ အစိုးရက သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီဟာ မြန်မာနိုင်ငံကို ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်အဖြစ် ဇူလိုင် ၁၀ ရက်ကနေ ၂၁ ရက် အထိ လာရောက်လာဖို့ ရှိနေတာပါ။
ဒီခရီးစဉ်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ မတ်လက ချမှတ်ခဲ့တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် (Fact-Finding Mission)အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် တာဝန်နဲ့ ပတ်သက်ခြင်း မရှိစေဖို့ လိုအပ်ကြောင်းကို မစ္စယန်ဟီးလီကို အကြောင်းကြားခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
မစ္စယန်ဟီးလီကလည်း ၎င်းအား အပ်နှင်းထားတဲ့ လုပ်ငန်းဘောင်အတွင်းမှ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ပြီး၊ တိုးတက်မှုအခြေအနေကို အစီရင်ခံတာကို ယခင် ခရီးစဉ်တွေတုန်းကလိုပဲ လုပ်ဆောင်မယ်လို့ အကြောင်း ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အထူးအစီရင်ခံစာတင်သွင်းသူဟာ ခရီးစဉ်အတွင်း သူ့ရဲ့ မူလလုပ်ငန်း တာဝန်ကိုသာ ဆောင်ရွက်မယ်လို့ နားလည်မှုနဲ့ ခရီးစဉ်လာရောက်ဖို့ ကိစ္စကိုလက်ခံထား ခဲ့တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဌာန ပြောပါတယ်။











