
ပြီးခဲ့တဲ့ရက်ပိုင်းကမှ တိုက်လေယာဉ် မောင်းနှင်ပျံသန်းပြခဲ့တဲ့ ထိုင်းဘုရင် ဝဇီရာ လောင်ကွန်းရဲ့ မိဖုရား စုသီတာဟာ အောက်တိုဘာ ၁၄ ရက် မနေ့ကလည်း ဂျပန်နိုင်ငံခရီးစဉ်မှာ လေယာဉ်မှူးအဖြစ်နဲ့ ကိုယ်တိုင်မောင်းနှင်ပြီး ပျံသန်းသွားခဲ့ပါတယ်။
မနေ့ ဂျပန်စံတော်ချိန် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ဘိုးရင်း 737-800 အမျိုးအစား လေယာဉ်နံပါတ် HS-HMK နဲ့ ထိုင်းနိုင်ငံ ဘန်ကောက် ဒွန်းမောင်းလေဆိပ်ကနေ ထွက်ခွာပြီး ပျံသန်းချိန် ၆ နာရီကျော် ၇ နာရီနီးပါး ကြာမြင့်တဲ့နောက် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးပြည်နယ် နယူးချီတိုဆေ လေဆိပ်ကို ဆိုက်ရောက်သွားပါတယ်။
လေဆိပ်မှာ ဂျပန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး နိုင်းဝစ်ချူး ဝေ့ချာချီဝနဲ့ ဇနီး၊ တိုကျိုအခြေစိုက် ကြည်းတပ်၊ ရေတပ်၊ လေတပ်ဆိုင်ရာ စစ်သံမှူးနဲ့ တာဝန်ရှိသူတွေ၊ သံရုံးဝန်ထမ်းတွေက ကြိုဆိုခဲ့ကြတယ်။
အဲဒီနောက် မိဖုရားဟာ ဟော့ကိုင်းဒိုးကျွန်း ဆပ်ပိုရိုမြို့ရှိ တည်းခိုစံမြန်းရာ ဟိုတယ်ဆီကိုလည်း တော်ဝင်မော်တော်ကားနဲ့ ကိုယ်တိုင်မောင်းနှင်သွားခဲ့ပြန်တယ်။ အဲဒီဟိုတယ်ကို အချိန် ၁ နာရီခန့်ကြာ မောင်းနှင်ခဲ့တယ်လို့ ဆိုပါတယ်။
မိဖုရားဟာ အပြည်ပြည်ဆိုင်ရာ ရေခဲပြင်ဟော်ကီအဖွဲ့ချုပ် (IIHF) ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ ဟော့ကိုင်းဒိုးကျွန်းစု၊ ဆူကီဆာမူရေခဲပြင် ဟော်ကီအားကစားကွင်းမှာ ကျင်းပနေတဲ့ ၂၀၂၇ ခုနှစ် အာရှအမျိုးသမီး ရေခဲပြင်ဟော်ကီ ချန်ပီယံရှစ်ပ်ပြိုင်ပွဲကို သွားရောက်အားပေးဖို့နဲ့ ဆုချီးမြှင့်ပေးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်ဟာ အောက်တိုဘာ ၁၄ ရက်မှ ၂၂ ရက်ထိ ၉ ရက်ကြာမြင့်မှာ ဖြစ်တယ်။
လာမဲ့ ၂၂ ရက် ကြာသပတေးနေ့ ညနေ ၇ နာရီလောက် ထိုင်းကို ပြန်ရောက်ဖို့ ရှိတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: ThaiPBS / NBT Connext











