DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် မူလတန်းကလေး ၇၀၀ ကျော်အား နွားနို့ တိုက်ကျွေး
DVB
·
July 7, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ရွှေပါရမီတောရကျောင်းဆရာတော် အရှင်ဆန္ဒာဓိကရဲ့ အစီအစဉ်နဲ့ မူလတန်းကလေး ၇၀၀ ကျော်အား နွားနို့ တိုက်ကျွေးခဲ့ပါတယ်။

အရှင်ဆန္ဒာဓိကရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံ ကျောင်းတွေမှာ နို့တိုက်ကျွေးရေးစီမံချက် အလှူရှင် Tetra Laval ကုမ္ပဏီနဲ့ သထုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ဇူလိုင်လ ၅ ရက်နေ့က ဈေးမသွယ်အထက်ကျေးရွာ အ.လ.က (ခွဲ)ကျောင်းနဲ့ နောင်ကုလားကျေးရွာ အ.လ.က ကျောင်းတို့ရှိ မူလတန်းကလေးတွေကို နွားနို့ လိုက်လံ တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

ရွှေပါရမီတောရကျောင်းဆရာတော် အရှင်ဆန္ဒာဓိကက “ငယ်ရွယ်တဲ့အချိန်မှာ အာဟာရဓာတ် ပြည့်ဝဖို့က အရမ်းအရေးကြီးတာပေါ့။ ဒီအရွယ်မှာ စားသောက်တဲ့ အာဟာရရဲ့ စွမ်းရည်သတ္တိတွေက တသက်လုံးကို အကျိုးပြုစေတာပေါ့နော်။ နွားနို့တမျိုးတည်းနဲ့ အာဟာရဓာတ်မျိုးစုံ ရနိုင်လို့၊ ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ အသိပညာမြင့်မားဖို့အတွက် အထောက်အကူ ဖြစ်လို့ တိုက်ကျွေးဖြစ်တာ” လို့ မိန့်ကြားခဲ့ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ တနိုင်ငံလုံးရှိ အခြေခံပညာကျောင်းတွေမှာ နေ့စဉ် နွားနို့တိုက်ကျွေးနိုင်ဖို့ အစီအစဉ်တွေ ချမှတ်နေတယ်လို့ သိရပေမယ့် လက်ရှိအနေထားအရ မဖြစ်နိုင်သေးဘဲ အစိုးရနဲ့အတူ ကျောင်းသားမိဘတွေကလည်း ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဆရာတော်က ထပ်မံမိန့်ကြားခဲ့ပါတယ်။

သထုံမြို့နယ်မှာ ဒီအစီအစဉ်ကို အခုစာသင်နှစ်က စတင်ဆောင်ရွက်တာဖြစ်ပြီး ကျောင်းနှစ်ကျောင်းရှိ မူလတန်းကျောင်းသား ၇၀၀ ကျော်ကို တပတ်ကို ၃ ရက် ပုံမှန် တိုက်ကျွေးနေကာ လာမယ့်နှစ်မှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံ ကျောင်းတွေမှာ နို့တိုက်ကျွေးရေးစီမံချက် ပြုလုပ်နေတဲ့အဖွဲ့မှ သိရပါတယ်။

မြန်မာနိုင်ငံ ကျောင်းတွေမှာ နို့တိုက်ကျွေးရေးစီမံချက် ပြုလုပ်နေတဲ့ စီမံချက်မန်နေဂျာ ဒေါ်စုစန္ဒာလှိုင်က “ကျမတို့က ဒီအစီစဉ်ကို ဆွီဒင်နိုင်ငံမှာ အခြေစိုက်တဲ့ Tetra Laval ကုမ္ပဏီရဲ့ ထောက်ပံ့မှုနဲ့ လုပ်ရတာပါ။ ဒီအစီအစဉ်ကို ၂၀၁၃-၂၀၁၄ လောက်မှာ စခဲ့တယ်။ ခုဆိုရင် ၅ နှစ်ထဲကို ရောက်နေပြီ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ဒီနှစ်မှာတော့ သထုံပေါ့။ တနှစ်ကို ကျောင်းသား ၅ သောင်းကျော်လောက် ကျမတို့ ၄ နှစ် တိုက်ခဲ့တယ်။ အလှူငွေ ကန့်သတ်ချက်အရ ဒီနှစ်ကိုတော့ ကျောင်းသား ၂၇၀၀၀ ကျော်ကို တိုက်တယ်။ ပထမ ၃ နှစ်က တပတ်ကို ၅ ရက် တိုက်တယ်။ အလှူငွေ အနေအထားအရပဲ နှစ်နှစ်ရှိပြီ။ တစ်ပတ်ကို ၃ ရက် လျှော့ချလိုက်ရတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကျောင်းတွေမှာ နို့တိုက်ကျွေးရေးစီမံချက်ကို ၃ နှစ်တာ ကာလအထိသာ စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ၅ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး လှူဒါန်းထောက်ပံ့မှု အခြေအနေအရ လာမယ့်နှစ်အထိ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားပြီး ကလေးတွေအတွက် အကျိုးရှိတဲ့ အစီအစဉ် ဖြစ်တဲ့အတွက် စီမံချက်ကာလ ပြီးဆုံးသွားပါက အစိုးရအနေနဲ့ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်တိုက်တွန်းကာ လိုအပ်တာတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - နိုင်ဇော်ဗိုလ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013