
နော်ဝေနိုင်ငံက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့နဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် ခရိုနာငွေ သန်း ၂၅၀ လောက် ထည့်ဝင်ကူညီမယ်လို့ နော်ဝေသံရုံးက ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်ခရီးရောက်ရှိနေတဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော့ဂဲဘရန်ဒဲယ်ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံပြီးနောက် အခုလိုကြေညာလိုက်တာပါ။
နော်ဝေနိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ဆက်လက်ပြီး တက်တက်ကြွကြွ ကူညီပေးသွားမယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားပြောကြားခဲ့တဲ့အကြောင်းလည်း နော်ဝေသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရာမှာ နော်ဝေနဲ့ မြန်မာနိုင်ငံအကြား စွမ်းအင်၊ လျှပ်စစ်၊ ငါးလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်ပူးပေါင်းတိုးမြှင့်ဆောင်ရွက်ဖို့ကိစ္စ၊၊ မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုတွေမှာ နော်ဝေနိုင်ငံအနေနဲ့ ဆက်လက်ပံ့ပိုးသွားမယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ကြေညာပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပံ့ပိုးပေးမယ့်ကိစ္စတွေအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမမှာ ဒီကနေ့မနက်က ပြုလုပ်သွားပါတယ်။











