DVB Logo
Home
မြန်မာသတင်း

သီလဝါစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခဲ့သူတို့၏ စကားသံကို နားထောင်ရန်တိုက်တွန်း

အောင်ဆန်းဦး
·
July 6, 2017
သီလဝါစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခဲ့သူတို့၏ စကားသံကို နားထောင်ရန်တိုက်တွန်း
Donate to DVB

 

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာနေတဲ့ ရွှေ့ပြောင်းခဲ့ရတဲ့ ပြည်သူတို့ရဲ့ စကားသံတွေကို နားထောင်ဖို့နဲ့ စီမံကိန်းလုပ်ငန်းတွေကို လေ့လာနိုင်ဖို့ ကျောက်တန်း မဲဆန္ဒနယ်ကိုယ်စားလှယ်နဲ့ စီးပွားကူးသန်း ဒုဝန်ကြီးတို့ တဦးနဲ့တဦး အပြန်အလှန် ဖိတ်ခေါ်ခဲ့ပါ တယ်။

ဇူလိုင်လ ၆ ရက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ လက်ရှိ အကောင်အထည်ဖော်တည်ဆောက်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ပါတယ်။

မေးခွန်းရှင် ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ တောင်သူတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေနဲ့ စီမံကိန်းအပေါ် မကြေလည်မှုတွေကို သိရှိနိုင်အောင် စီမံပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးကို ဒေသခံတွေထံ လာရောက်လေ့လာနားထောင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

“ဝန်ကြီးဖြေသွားတဲ့အထဲမှာ သာသာယာယာတွေအများကြီးရှိပါတယ်။ ကျမတို့ လက်ရှိ ရင်ဆိုင် နေရတာက မသာယာမှုတွေအများကြီး ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် ကျမအနေနဲ့ ဒီမေးခွန်းကို မေးမြန်းရတာ ဖြစ်ပါတယ်။ ဝန်ကြီးက ဒီဒေသခံတွေက ကျေနပ်တယ်လို့ လက်မှတ်ထိုးတာက ဘယ်လောက်ရာခိုင်နှုန်းလဲ၊ ကျမတို့ ဒေသခံပြည်သူတွေ ဘယ်လောက်ရာခိုင်နှုန်းက ကျေနပ်တာလဲ။ မကျေနပ်ဘူးဆိုတဲ့ အစဉ်မပြေတဲ့ အသံတွေကိုကော ဝန်ကြီးတို့ကိုယ်တိုင် ကွင်းဆင်းပြီးတော့ ပြန်လည်နားထောင်ပေးဖို့ ကျမဖိတ်ခေါ်ပါတယ်။ အဲလိုစီစဉ်ပေးဖို့ကိုလည်း ကျမ မေတ္တာရက်ခံပါတယ်။”

ကိုယ်စားလှယ်ရဲ့ ဖိတ်ခေါ်မှုအပေါ် ဒုဝန်ကြီး ဦးအောင်ထူးအနေနဲ့ တိကျတဲ့ ဖြေကြားမှုမျိုး မပေးခဲ့ပေမယ့် သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်နေမှုနဲ့ ရည်မှန်းချက်ကို သိရှိစေဖို့ အတွက် စီမံကိန်းဇုန်ကို ကျောက်တန်းမဲဆန္ဒနယ် ကိုယ်စားလှယ်အနေနဲ့ လာရောက်လေ့လာဖို့ ပြန်လည်ဖိတ်ခေါ်ခဲ့ပါတယ်။

“ဇုန် A တွင် နေထိုင်ခဲ့သူတွေအနေနဲ့ ဇုန် B နေရာချထားတဲ့အခါမှာ ပါဝင်စွက်ဖက်ခွင့် မရရှိတဲ့အတွက် မကျေနပ်ဘဲ တိုင်ကြားမှုတွေရှိတယ်ဆိုတာလည်း စစ်ဆေးတွေ့ရှိရပါတယ်။ မြေယာ လျော်ကြေးပေးခြင်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု ကော်မတီနဲ့ ဂျိုက်ကာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အညီ စနစ်တကျ စီစဉ်ဆောင်ရွက်လျှက်ရှိ ပါကြောင်းကိုလည်း တင်ပြအပ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးအနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မှုကို လက်တွေ့ ကွင်းဆင်းလေ့လာ နိုင်ကြောင်းကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မှုဖို့အတွက် ဇုန်ဧရိယာ သုံးခု သတ်မှတ်ထားပြီး လက်ရှိအချိန်မှာတော့ ဇုန်ဧရိယာ ၂ ကို လုပ်ငန်းအကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ရွှေ့ပြောင်းရတဲ့ တောင်သူတွေကို ထားရှိဖို့ နိုင်ငံတော်အစိုးရအနေနဲ့ အခြားပြည်သူတွေထံက မြေယာတွေသိမ်းစီးခဲ့တဲ့အတွက် လက်ရှိအချိန်မှာတော့ ရွှေ့ပြောင်းခံပြည်သူတွေနဲ့ မြေယာသိမ်းစည်းခံရတဲ့ ပြည်တွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်လို့ ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“မြိုင်သာယာမှာ ပြန်ပြီးတော့ နေရာချထားပေးတယ်ဆိုတာမှန်ပါတယ်။ အဲဒီနေရာချထားပေးတဲ့ အကြောင်းအရင်းသည် ကျမတို့က ဒါမျိုးတည်ဆောက်ဖို့ဆိုပြီး ရွာငါးရွာကို ရွှေ့ပြီးတော့ အဲဒီ မြိုင်သာယာမှာ ရွှေ့ပြီးတော့ နေရာချတယ်။ နေရာချတဲ့အတွက် အဲဒီမြိုင်သာယာကမြေကို ထပ်သိမ်းပါတယ်။ ထပ်သိမ်းပြီးတော့ အဲဒီနေရာမှာ နေရာချထားတဲ့အခါမှာ အခုသီလဝါ အထူးစီးပွားရေးဇုန်ကနေ ပြောင်းပြီးနေရာချထားတဲ့ တောင်သူတွေနဲ့ပါ အခု ပြဿနာ ဖြစ်နေပါတယ်။ ကျမတို့ မြေပြင်ပေါ်မှာ မြေယာပြဿနာတွေက အများကြီးကို ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမက ဒီအသံတွေကိုလည်း လာနားထောင်ဖို့နဲ့ သီးခြားလွတ်လပ်တဲ့ ကော်မရှင်တစ်ဖွဲ့ ဖွဲ့စည်းပြီး ပြန်ပြီးတော့ စစ်ဆေးဖို့ပြောတာပါ။”

ဒီကနေ့ လွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ၃ ခုထဲက သီလဝါအထူးစီးပွားရေးဇုန်နဲ့ ကျော်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတို့နဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းနှစ်ခု အပါအဝင် ကြယ်ပွင့်ပြမေးခွန်း ၆ ခု မေးမြန်းခဲ့ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကိုတော့ အစိုးရအနေနဲ့ မဖြစ်မနေ အကောင်အထည်ဖော် တည်ဆောက်သွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013