DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီက အငြင်းပွားမှုများအပေါ် အကြိမ်ပေါင်းရာချီဆွေးနွေး
DVB
·
July 6, 2017
အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီက အငြင်းပွားမှုများအပေါ် အကြိမ်ပေါင်းရာချီဆွေးနွေး
Donate to DVB

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) စဖွဲ့စည်းတဲ့ အချိန်က တည်းကစပြီး အခုအချိန်ထိ အစည်းအဝေးအတွင်း ၂ ဖက်အငြင်းပွားမှုတွေ အပေါ်ဆွေးနွေးတဲ့ အကြိမ်ရေ ၅၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

JMCကော်မတီကို ၂၀၁၅ ခုနှစ်နိုဝင်ဘာလကတည်းက အစိုးရဖက်က ၁၀ ဦး အပစ်ရပ်လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားတွေဖက်က ၁၀ ဦးနဲ့ အရပ်သားပညာရှင် ၆ ဦးတို့နဲ့ ဖွဲ့စည်းခဲ့တာပါ။

JMCဖွဲ့စည်းပြီးတဲ့အချိန်ကတည်းကစပြီးအခုချိန်အထိသတ်မှတ်စည်းမျဉ်းတွေကိုချိုးဖောက်လို့ အဖွဲ့အစည်းတွေကိုတိုင်ကြားတဲ့စာထက် အစည်းအဝေးအတွင်းမှာ အပြန်အလှန် ငြင်းခုန်မှုတွေအပေါ်မှာ ဆွေးနွေးခဲ့ရတဲ့ အကြိမ်ရေက ပိုများတယ်လို့ ၁၁ကြိမ်မြောက်JMC အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ  JMC နည်းပညာအထောက်အကူပြု (JMC-TSC) ဒုအလုပ်အမှုဆောင်ညွှန်ကြားရေးမှူးဒေါ်ဆိုင်းပန်ကပြောပါတယ်။

ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ရဲ့ (၁၁)ကြိမ်မြောက် အစည်းအဝေးကို  ဇူလိုင် ၃ ရက်မှ  ၅ ရက်နေ့အထိ  ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ ကျင်းပခဲ့တာပါ။

ဒီအစည်း အဝေးမှာ JMC ကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့ခဲ့ရင်လုပ်ဆောင်ရမယ့် လမ်းညွှန်ချက်တွေ၊ JMCနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မယ့် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ ကျင့်သုံးရမယ့် လုပ်ငန်းလမ်းညွှန်တွေအပြင် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာတိုင်ကြားမှုတွေကို စီစစ်ဖို့အဖွဲ့တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် JMC က ဖွဲ့စည်းပြီး လမ်းညွှန်မှုပေးဖို့ စတဲ့ အချက်တွေကို ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူ (အိုင်ဒီပီ)တွေ၊ ပဋိပက္ခဒဏ်ခံစားရသူတွေ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ပူးတွဲစောင့်ကြည့်ရေး ကော်မတီက လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးပြီး  မူကြမ်းအဖြစ် တင်ပြခဲ့တယ်လို့လည်း  ဒေါ်ဆိုင်းပန်ကပြောပါတယ်။

အစည်းအဝေးမှာ  တိုင်ကြားမှုတွေနဲ့ ပဋိပက္ခ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို သိရှိနိုင်ဖို့ အတွက်  စိစစ်အတည်ပြုရေးအဖွဲ့ (Verification Team) စေလွှတ်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ တယ်လို့လည်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် ကပြောပါတယ်။

''စိစစ်အတည်ပြုရေးအဖွဲ့တွေကို စက်တင်ဘာမတိုင်မီမှာ လုပ်ဆောင်မှာပါ။ ရှမ်းပြည်မှာဆို ဖြစ်စဉ်နှစ်ခုအတွက် Verification Team လွှတ်ဖို့ သဘောတူထားတယ်။ ပထမဖြစ်စဉ်က မိုင်းပြင် မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဦးမြင့်အောင် အသတ်ခံရတာနဲ့ ပတ်သက်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး စိစစ်အတည်ပြုရေးအဖွဲ့က သွားရောက်စစ်ဆေးအတည်ပြုမှု လုပ်ရမယ်။ နောက်တစ်ခုက မိုင်းပြင်မှာပဲ ဇွန်လ ၁၇ ရက်နေ့က RCSS နဲ့ တပ်မတော်ကြား ထိတွေ့မှု နှစ်ကြိမ်ဖြစ်တယ်။ အဲဒီဖြစ်စဉ်အတွက်လည်း Verification Team သွားမယ်။ စက်တင်ဘာလ လောက်သွားမယ်။ ဒါကို ရှမ်းပြည်နယ် JMC-S က လုပ်ရမှာပါ'' လို့ပြောပါတယ်။

ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-L ကို ရှမ်းပြည်နယ် လင်းခေးမှာ ဖွဲ့စည်းခဲ့ပြီး သြဂုတ်လမတိုင်မီ ကရင်ပြည်နယ် ဖာပွန်နဲ့ ဘောကလိမှာ  JMC-L ကို ဆက်လက်ဖွဲ့စည်းဖို့ရှိနေပါတယ်။

JMC-U ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကတော့ JMC နဲ့ အပြိုင်အရပ်သား အပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့တွေကို ကော်မတီကကြပ်မတ်ပြီး သတ်မှတ်စည်းကမ်းအ တိုင်းပါဝင်လာဖို့နဲ့ ငြိမ်းချမ်းရေးကိုထိခိုက်နိုင်တဲ့ပြောဆိုမှုတွေကို ရှောင်ရှားကြဖို့ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မှာ ကျင်းပပြီးစီးခဲ့တဲ့ ၁၁ ကြိမ်မြောက် JMC အစည်းအဝေးမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့  JMC  အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကို တာဝန်က နုတ်ထွက်ခွင့်ပြုလိုက်ပြီး လာမယ့် သြဂုတ်လ ၁ ရက်နေ့ကစလို့ ဦးအောင်နိုင်ဦးကို ညွှန်ကြားရေးမှူး အသစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013