DVB Logo
Home
Lead Story
ရှင်သန်နေမြဲ “သမဂ္ဂအမေ”
DVB
·
July 6, 2017
ရှင်သန်နေမြဲ “သမဂ္ဂအမေ”
Donate to DVB

 

ရန်ကုန်တက္ကသိုလ်ကို ရောက်ဖူးတဲ့သူတွေက တက္ကသိုလ်ရဲ့ အဆင်တန်ဆာ၊ ရတနာနဲ့ မင်္ဂလာတွေဖြစ်တဲ့ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ စိန်ပန်းနီတို့နဲ့ မှတ်တမ်းတင်ပုံတွေ ရိုက်ကူးမှတ်တမ်းတင်တတ်ကြပါတယ်။

ဒီရတနာတွေထဲက ကျောင်းသားတွေကို အမိမြေနဲ့ ပြည်သူတွေကို ချစ်မြတ်နိုးစေတဲ့ စိတ်ဓာတ်ခွန်အားတွေကို မွေးဖွားပေးလိုက်တဲ့ တကသ အဆောက်အဦ နေရာကိုတော့ ခြံအပြင်ကနေပဲ ငေးကြည့်ခဲ့ရပါတယ်။ ဒီနေရာကို ငေးကြည့်မိတဲ့သူတိုင်းက သမိုင်းတခုကို ပြန်လည်အမှတ်ရစေမှာ အမှန်ပါပဲ။ ဒီသမိုင်းကို မေ့နိုင်စရာ မရှိပါဘူး။

လွန်ခဲ့တဲ့ ၅၅ နှစ်၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က ရန်ကုန်တက္ကသိုလ် သမိုင်းမှာရော မြန်မာနိုင်ငံ ကျောင်းသားထုရဲ့ သမိုင်းမှာပါ အရေးပါတဲ့နေ့၊ မေ့ပျောက်လို့ မရနိုင်တဲ့နေ့၊ ဖျောက်ဖျက်လို့ မရနိုင်တဲ့နေ့၊ သွေးတွေစွန်းတဲ့ နေ့တနေ့။

အမျိုးသားလွတ်မြောက်ရေးနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတလျှောက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ရှေ့တန်းနိုင်ငံရေး ခေါင်းဆောင်ကြီးတွေကို မွေးထုတ်ပေးခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖြိုဖျက်ခံခဲ့ရတာ အခုဆိုရင် ၅၅ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ဒါပေမယ့်လို့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးက ကြေကွဲစွာနဲ့ လွမ်းဆွတ်တမ်းတ သတိရနေဆဲပါ။

၇ ရက် ဇူလိုင် မမေ့နိုင်ကို ဂုဏ်ပြုမှတ်တမ်းတင်ထားတဲ့ စာပေတွေ၊ ဂီတတွေ အများကြီးရှိပါတယ်။

သမိုင်းမှတ်တမ်းတွေထဲက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခွန်စိုင်း ရေးသားခဲ့တဲ့ “သမဂ္ဂအမေ” သီချင်းဆိုရင် သူ အကျဉ်းထောင်ထဲမှာ ရေးသားခဲ့တယ်။ အဲဒီသီချင်းကို DVB Entertainment က ပုံစံတမျိုးနဲ့ ရရှိပြီး အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ၈၈ ကျောင်းသား ကိုအောင်ကျော်ဦးက သီချင်းအဖြစ် ပထမဆုံးအနေနဲ့ ဖန်တီးသီဆိုခဲ့တယ်။ ဒီသီချင်းကို Music Video အနေနဲ့ DVB Entertainment က ပထမဆုံး ထုတ်လွှင့်သူအနေနဲ့ အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ခဲ့ပါတယ်။

အရင်တုန်းက ၈၈ ကျောင်းသား ကိုအောင်ကျော်ဦး သီဆိုခဲ့တဲ့ပုံစံကတော့ “ဒေါင်းမိခင် ဂုဏ်ဒြပ်ကျေးဇူး ကြီးမားလှပုံတွေ သား/သမီးတို့တွေ ရင်ဝယ် အောက်မေ့ဦးညွတ်မိတယ်လေ။ အများအကျိုးဆောင်ဖို့လေ၊ တိုင်းကျိုးဆောင်ဖို့လေ အရာရာမှာ စွန့်လွှတ်ဝံ့ကြစေ။ မြန်ဌာနေ မလွတ်မြောက်သရွေ့တော့လေ အောင်ဆန်းတို့အမေ၊ ဗဟိန်းတို့အမေ၊ အောင်ကျော်တို့အမေ ချွန်မြကြစေ၊ တွန်ကကြစေ၊ ဇာနည်အိုးဝေ မြန်ဌာနေ မလွတ်လပ်သရွေ့တော့ လွတ်လပ်ဖို့ကို တပ်လှန့်လို့နေ မြန်ဌာနေ လွတ်လပ်တဲ့အခါ အမျိုးသားရေးတွေ ကြိုးစားခဲ့ပေ။”

ဒီသီချင်းကို နားထောင်ဖူးတဲ့ တချို့လူတွေက “နားထောင်ရင်းနဲ့ ၈၈ ကို ပြန်သတိရမိတယ်၊ ခွပ်ဒေါင်းသွေးမိုး ရဲရဲနီစွေး အထင်ကရ ရှိနေပါသေးရဲ့။ အဲဒီလို မှတ်ချက်တွေ ပေးခဲ့ကြတယ်။ အဲဒီခေတ်ကို ကျော်ဖြတ်ခဲ့ရတဲ့ ကျောင်းသားတချို့ကတော့ ၈၈ ကို ပြန်သတိရမိသလို သူငယ်ချင်းတွေကို နှမြောမိတယ်၊ လူအိုပေမယ့် ခွပ်ဒေါင်းစိတ်ဓာတ်ကတော့ ဘယ်တော့မှ အိုမယ်မထင်” လို့ အမှတ်ရစရာတွေကို ပြောကြပါတယ်။

အခုတခါ တေးသံရှင် စိမ်းလဲ့လဲ့နဲ့ ကိုမာကီ (၈၈ မျိုးဆက်) တို့က ပုံစံအသစ်နဲ့ ပြန်ဆိုထားတာကိုလည်း DVB Entertainment က ထပ်ပြီးတော့ ထုတ်လွှင့်ပေးနေပါတယ်။

တေးရေး ကိုခွန်စိုင်းကတော့ သီဆိုထားတဲ့ပုံစံ နှစ်မျိုးလုံးကို ကြိုက်တယ်လို့ ပြောပါတယ်။ သူ ရေးသားခဲ့တဲ့ သီချင်းကို “တရက် ဒေါင်းအိုကြီးလည်း ပျံလာပြီးတော့ ဒီသီချင်းကို ဒေါင်းပျိုတွေနဲ့အတူ သမဂ္ဂ မြက်ခင်းပြင်မှာ ဂုဏ်ပြုသီဆိုခွင့် ရချင်ပါသေးတယ်” လို့ ပြောပါတယ်။ အခုဆိုရင် ကိုခွန်စိုင်းဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်နေပါတယ်။

ပုံစံအသစ်နဲ့ ပြန်ဆိုထားတဲ့ အချစ်ဖွဲ့ အလွမ်းဖွဲ့ တေးသီချင်းတွေကိုပဲ သီဆိုလေ့ရှိတဲ့ တေးသံရှင် စိမ်းလဲ့လဲ့ကတော့ “သမဂ္ဂအမေ” သီချင်းကို ကိုလင်းနစ် အဆက်အသွယ်ကြောင့် သီဆိုခွင့်ရခဲ့တယ်လို့ ပြောပါတယ်။

“ဒီသီချင်းကို ကြားလိုက်တဲ့အချိန်မှာ အဲဒီအချိန်ကာလကို ရောက်သွားသလိုပဲ ခံစားရပါတယ်။ ကိုယ်တိုင်ကလည်း ဇူလိုင်လမှာ မွေးတဲ့လူတယောက် ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အနှစ်နှစ်အလလက အမှန်တရားတခုကို သီဆိုရတဲ့အပေါ်မှာ ဂုဏ်ယူတယ်။ ဒီသီချင်းက ဟန်ဆောင်ပြီးတော့ သီဆိုထားတာ မဟုတ်ဘူး။ အမှန်တရားကို အမှန်တိုင်း သီဆိုထားတာပါ။ ကိုခွန်စိုင်းကို အပြင်မှာ တခါမှ မမြင်ဖူးပါဘူး။ ဒါပေမယ့် ဒီသီချင်းနဲ့ပတ်သက်ပြီး တကယ့်ကို ကိုယ့်ရဲ့ သွေးသားရင်း မောင်နှမတယောက်လို ခင်မင်မိပါတယ်။ တွေ့ခွင့်ရမယ်ဆိုရင် တွေ့ဆုံ စကားပြောချင်ပါတယ်” လို့ မစိမ်းလဲ့လဲ့က ပြောပါတယ်။

ဒီသီချင်းကို စုံတွဲသီဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမာကီ (၈၈ မျိုးဆက်) ကတော့ ဂီတနဲ့ပတ်သက်ပြီး သူ့ရဲ့ပထမဆုံးသီချင်း ဖြစ်တယ်လို့ ပြောပါတယ်။

“၁၉၈၈ ခုနှစ် မြစ်ကြီးနားအကျဉ်းထောင်မှာ ကျနော် အကျဉ်းကျနေတုန်းက အခြား နိုင်ငံရေးအကျဉ်းသားတဦး သီဆိုတာကိုကြားပြီး ဒီသီချင်းကို ကြိုက်သွားတယ်။ သူ့ဆီကနေ လေ့လာပြီး စဆိုဖြစ်ခဲ့တယ်။ ငါ ထောင်ကလွတ်လာရင် ဒီသီချင်းကို ဆိုမယ်၊ အဲဒီလို ဆုံးဖြတ်ခဲ့ဖူးတယ်” လို့ ကိုမာကီက ပြောပါတယ်။

ဆက်ပြီးတော့ သူက “ငယ်ငယ်ကတည်းက သီချင်းဆိုတာ ဝါသနာပါတယ်။ ဒီသီချင်းက လူ ၁၀ ယောက် ၁၅ ယောက်ဆီကနေ တဆင့်ပြီးတဆင့် အဲဒီလို သယ်လာပြီး ရောက်လာတာပါ။ ရတဲ့ပုံစံတွေက မတူကြပေမယ့် ဒီသီချင်းကို ဖန်တီးကြတယ်။ ဒီသီချင်းကို ဆိုတဲ့အကြိမ်တိုင်း စိတ်နှစ်ပြီးတော့ ဆိုတယ်။ စစ်အာဏာရှင်တွေက ၇ ရက် ဇူလိုင်မှာ ပထမဆုံး သူတို့အစွယ်ကို ပြခဲ့တယ်။ အမျိုးသားရေးသမိုင်းရဲ့ အဓိကကျတဲ့ တကသ ကျောင်းသားအဆောက်အဦကို မိုင်းခွဲဖျက်ဆီးပစ်ခဲ့တယ်။ ကျောင်းသားညီအစ်ကိုတွေက ဆွေစဉ်မျိုးဆက်မပြတ် အဲဒီဝေဒနာကို ခံစားရတယ်။ ကျနော်တို့ နောင်လာနောက်သား မျိုးဆက်တွေကိုလည်း သိစေချင်တယ်။ ဒီသီချင်း သီဆိုလိုက်တဲ့အခါတိုင်းပဲ အဲဒီဖြစ်ရပ်ကို မျက်စိထဲမှာ အမြဲမြင်တယ်၊ စိတ်ထဲမှာ ခံစားပြီးတော့ကို သီဆိုဖြစ်တယ်။ တေးရေး ကိုခွန်စိုင်းကိုလည်း နိုင်ငံရေးသမားအဖြစ်နဲ့ရော သီချင်းရေးဆရာအဖြစ်နဲ့ရော အများကြီး အထင်ကြီး လေးစားမိတယ်” လို့ သူက ပြောပါတယ်။

ဇူလိုင်လဟာ မြန်မာပြည်သူပြည်သားတွေအတွက် တကယ့်ကို အမှတ်ရစရာ လပါပဲ။ အမှတ်ရစရာလို့ ဆိုတာထက် အောက်မေ့ဖွယ်ရာတွေ အင်မတန်မှကို များပြားတဲ့ လတလပါ။

မြန်မာနိုင်ငံ ကျောင်းသားထုရဲ့သမိုင်းမှာ သွေးစွန်းခဲ့တဲ့ ၁၉၆၂ ခုနှစ် ၇ ရက် ဇူလိုင်ဟာ ကျောင်းသားတွေရဲ့ နှလုံးသားထဲမှာသာမက ရဟန်း၊ ရှင်၊ လူ၊ ပြည်သူတရပ်လုံးရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန် တည်ရှိနေမယ့် အမှန်တရားသမိုင်းတခုပါ။

“ငါ၏ ဦးခေါင်းသည် သွေးတို့ဖြင့် ခြင်းခြင်းနီ၏။ သို့သော် ညွတ်ကားမညွတ်” ဆိုတဲ့ ခွပ်ဒေါင်းစိတ်ဓာတ် အမြဲထာဝရ ရှင်သန်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

{မသီတာ (DVB) TV အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ အကြောင်းအရာများကို ထူးထူး ပြန်လည်ရေးသားသည်။}

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013