DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေကြီးနေသဖြင့် ကျေးရွာအချို့ ရေဝင်၊ ကျောင်းများ ပိတ်ထားရ
DVB
·
July 6, 2017
Donate to DVB

ချင်းတွင်းမြစ်အထက်ပိုင်းမှာ ခုတပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ချင်းတွင်းမြစ်ကမ်းဘေး မြို့ ၄ မြို့မှာ စိုးရိမ်ရေအမှတ် ကျော်လွန်နေတယ်လို့ စစ်ကိုင်းတိုင်း မိုးလေဝသနှင့်ဇလဗေဒဌာနက သိရပါတယ်။

ဇူလိုင် ၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ထိ မိုးဇလဌာနရဲ့ တိုင်းတာချက်များအရ ခန္တီးမြို့မှာ စိုးရိမ်ရေအမှတ်ရဲ့အထက် ၃ ပေခန့်၊ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေအမှတ်အထက် ၂ ပေခွဲခန့်၊ ဖောင်းပြင်မြို့နဲ့ မော်လိုက်မြို့မှာ စိုးရိမ်ရေအမှတ်ထက် ၁ ပေခန့်စီ၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ မုံရွာမြို့တို့မှာ ၂၄ နာရီအတွင်း ၎င်းတို့မြို့ အအသီးသီးရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိကျော်လွန်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ရေ မြင့်တက်နေတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းမှာ စာသင်ကျောင်း ၁၇ ကျောင်းထိ ပိတ်ထားရပြီး ရေဝင်ကျေးရွာတွေက လူနေအိမ်အချို့လည်း ပြောင်းရွှေ့နေကြရပါတယ်။

ခန္တီးမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာစုစုပေါင်း ၁၃ ခုမှာလည်း ရေဝင်ရောက်နေလို့ အိမ်ထောင်စု ရာနဲ့ချီ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေအတွက် လူကယ်ပြန်က ထောက်ပံ့မှုတွေလည်း ပြုလုပ်နေပါတယ်။

မုံရွာမြို့နယ် တောင်ပိုင်းကျေးရွာ ၂၀ ခန့်မှာလည်း ဇူလိုင် ၅ ရက်နေ့ မနက်ကတည်းက မြစ်ရေ ဝင်ရောက်နေပြီဖြစ်လို့ အချို့နေရာတွေမှာ သွားလာရေးတွေ ခက်ခဲနေပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းအချို့နဲ့ နေအိမ်တွေထဲကို ရေတွေ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျွန်းကြီးကျေးရွာမှာဆိုရင် အိမ်ခြေ ၁၀၀ ကျော် ရေဝင်ရောက်နေပြီ ဖြစ်ပါတယ်။ မြစ်ရေဝင်လို့ အချို့မိသားစုတွေ စားဝတ်နေရေး ခက်ခဲနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စိုးရိမ်ရေအမှတ်ထက် ကျော်လွန်တဲ့မြို့တွေမှာတော့ ရေယာဉ်ပြေးဆွဲခွင့်တွေကို ယာယီပိတ်လိုက်ပြီ ဖြစ်ပါတယ်။ မြစ်ရေ သတိပေးကြေညာချက်နဲ့ပတ်သက်ပြီး မြစ်ရေ ဝင်ရောက်နိုင်တဲ့ နေရာက ဒေသခံတွေအားလုံး ကြိုတင်ပြင်ဆင် သတိထား သွားလာကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013