ထိုင်းအစိုးရရဲ့ တရားမဝင် အလုပ်သမား နှိမ်နင်းရေးဥပဒေ ပြဋ္ဌာန်းချက်တွေကြောင့် ထိုင်းရောက် မြန်မာအလုပ်သမားတွေ နေ့စဉ် ထောင်သောင်းချီပြီး မိမိတိုင်းပြည် ပြန်လည်ဝင်ရောက်နေ ကြရာမှာ မြန်မာဘက်ခြမ်း အာဏာပိုင်နဲ့ လူမှုအဖွဲ့အစည်းတွေကလည်း လိုအပ်တာတွေ ကူညီပေးနေပါတယ်။
ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာလည်းပဲ မြန်မာဘက်ခြမ်း မြ၀တီခရိုင်မှ မြန်မာစစ်တပ် ယာဉ်တန်းအစီး ၅၀ ကျော် ထိုင်းဘက်ခြမ်း မဲဆောက်ထိ ဝင်ရောက်လာပြီး ယာယီစခန်းတွေမှာ စောင့်ဆိုင်းနေကြတဲ့ မြန်မာအလုပ်သမား ၅၀၀ ကျော်ကို လာရောက်သယ်ဆောင်သွားတယ်လို့ AEC ASEAN NEWS မှာဖော်ပြပါတယ်။
အဆိုပါ မြန်မာအစိုးရတပ်ယာဉ်တန်းကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနဲ့ မြန်မာအလုပ်သမားသံအရာရှိတွေက ဦးဆောင်ကာ မြန်မာနိုင်ငံအလံတွေ လွှင့်ထူပြီး မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားပေါ်မှတဆင့် မဲဆောက်ဘက် ဝင်ရောက်လာတာလို့ အာဆီယံသတင်းထောက်က ပြောပါတယ်။
မြန်မာစစ်တပ်ယာဉ်တန်းကို ထိုင်းဘက်ခြမ်း တာ့ခရိုင် လ၀ကမှူး ရဲမှူးကြီး မိန်း ရတ်တနပရထစ်နဲ့ အဖွဲ့က ကြိုဆိုကာ လုံခြုံရေးနဲ့ အခြားလိုအပ်တာတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းမှူးက ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာအလုပ်သမားတွေကို ပြန်ပို့တဲ့အခါ မြ၀တီချစ်ကြည်ရေးတံတားအမှတ် ၁ ပေါ်ကနေဘဲ ဖြတ်သန်းပို့ဆောင်ပေးဖို့ တာ့ခ်ခရိုင် လဝကမှူးကို မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။
Photo - AEC อาเซียน NEWS











