ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းက ကော့သောင်းမြို့မှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးနဲ့ စည်းကမ်းပျက်ယာဉ်တွေကို တားဆီးစစ်ဆေးခဲ့ရာ ဆိုင်ကယ်အတွင်းမှ လက်နက်တွေကို ဖမ်းဆီးရမိတယ်လို့ အမှတ်(၇၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ်ကျော်သန်းဝင်းက ပြောပါတယ်။
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်ပိုင်ဦးနဲ့ ယာဉ်ထိန်းအဖွဲ့တို့က စည်းကမ်းပျက်ယာဉ်တွေကို ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးမှာ တားဆီးစစ်ဆေးနေရာ အေးရိပ်ငြိမ်ရပ်ကွက်ဘက်ကနေ မြို့တွင်းကို အေးသောင်းနဲ့ နိုင်လင်းတို့ မောင်းနှင်လာတဲ့ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်မှာ အဝတ်တွေနဲ့ ပတ်ထားတဲ့ ကျည် ၆ တောင့်ထည့်လျက် ၃၂ ဗို့ ခြောက်လုံးပြူးတလက်နဲ့ ကျည်ကပ်အတွင်း ကျည် ၆ တောင့်ထည့်ထားတဲ့ ဂျာမနီနိုင်ငံလုပ် ၄၅ ပစ္စတိုတလက်နဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ပစ္စတိုကျည် ၆ တောင့်ကို တွေ့ရှိ ဖမ်းမိခဲ့တာပါ။
လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ဖော့သုတ်ကျေးရွာနေသူ အေးသောင်း(၄၂-နှစ်) နဲ့ အေးမြမင်္ဂလာကျေးရွာနေသူ နိုင်လင်း(၃၇-နှစ်)တို့ နှစ်ဦးကို ကော့သောင်းရဲတပ်ဖွဲ့စခန်းက ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေပါတယ်လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်ပိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး











