DVB Logo
Home
Lead Story
ပြည်ပ ‘ချွေးဈေးကွက်’ နဲ့ မရေရာမသေချာမှု ပြဿနာ
DVB
·
July 5, 2017
ပြည်ပ ‘ချွေးဈေးကွက်’ နဲ့ မရေရာမသေချာမှု ပြဿနာ
Donate to DVB

 

အလုပ်သမားတိုင်းကတော့ မိဘအသိုက်အဝန်းနဲ့ အိုးမကွာအိမ်မကွာနေပြီး ဝမ်းစာ ရှာစားချင်ကြသူချည်းပါပဲ။ ကိုယ့်ရေမြေ ကိုယ့်ဒေသကနေ ဘယ်မှာထွက်ခွာချင်ပါ့မလဲ။ ခက်နေတာက ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းက သိပ်ကို ရှားပါးလွန်းတယ်။

ဒါ့အပြင် လုပ်အားနဲ့ထိုက်တန်တဲ့ လုပ်ခကလည်းမရ။ နေ့စဉ် အလုပ်တခုရဖို့ စောင့်မျှော်ရတာကလည်း မသေချာလှ။ အလုပ်မရတဲ့ ရက်တွေဆိုရင် ‘ချွေးဈေးကွက်’လို့ ခေါ်တဲ့ ပျံကျအလုပ်သမားများစုရပ်ကနေ လက်မှိုင်ချ ပြန်ခဲ့ရတဲ့ နေ့တွေကလည်း မနည်းတော့ဘူး။

နေ့စဉ် နေထိုင်စားသောက်ရခြင်းရဲ့ မသေချာမှုတွေက ရက်တွေ လတွေ နှစ်တွေ ထပ်လာတော့ “တရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ ရိုးရာဆိုရိုးစကားကို ယုံကြည်ချင်လာတယ်။ ဒါကြောင့်လည်း ပြည်ပအလုပ်အကိုင် ရှာဖွေဖို့ ဝမ်းပါးလာခဲ့ပါတော့တယ်။

ဒီလိုနဲ့ ပြည်တွင်း ‘ချွေးဈေးကွက်’ကနေ ပြည်ပ ‘အချဉ်ဈေးကွက်’ဆီကို ရောက်ရှိလာခဲ့တယ်။

ပွဲစားတွေကတော့ သူတို့ဖောက်သည်တယောက်ကို ‘ကတက်’လို့ ခေါ်ကြတယ်။

အစကတော့“ကတက်”ဆိုတာ “အရာရှိလောင်း” လို့ ခေါ်တယ်ထင်လို့ ဘဝင်တောင် မြင့်ချင်သလိုလိုပဲ။ နောက်မှ “ကတက်ချဉ်”ကိုပြောမှန်း သိရတယ်။ “အချဉ်ဖမ်းမိထားတယ်”လို့ ပြောမှန်း သိလိုက်ရတယ်။

သိလိုက်တဲ့အချိန်မှာတော့ လွန်သွားပါပြီ။ ငွေလည်းဆုံး လူလည်းနုံး၊ နေစရာ တဲပုတ်တောင် ပျောက်ပြီး လမ်းဘေး ကျူးကျော်ဘဝ ရောက်ခဲ့ပြီ။ “တရွာမပြောင်း သူကောင်းမဖြစ်”ကို ယုံပေမယ့် အခုတော့ “သေချင်တဲ့ကျား တောပြောင်း” မိရက်သား ဖြစ်ခဲ့သူတွေလည်း မရေတွက်နိုင်အောင် များလွန်းလှပါတယ်။

ဒါတွေကို ဖြေရှင်းပေးဖို့ “ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ”ကပဲ အားနည်းနေတာလား။ အကောင်ထည်ဖော်မှုကပဲ ဘက်လိုက်နေသလား ဆိုတာ စဉ်းစားဖွယ်ရာပါ။

ဥပဒေမှာ ရှိနေပါရက်နဲ့ အကောင်ထည်ဖော်မှု ချည့်နဲ့နေတာဆိုရင်တော့ ဒါဟာ လူပွဲစားများနဲ့ အလိုတူအလိုပါလို့တောင် စွဲချက်တင်သင့်တဲ့ ကိစ္စတရပ် အမှုခင်းတခုလို့ ယူဆချင်ပါတယ်။

ဒီကိစ္စရပ်တွေဟာ မြန်မာပြည် အလုပ်အကိုင် ရှာဖွေရေးလောကမှာ အမှန်တကယ် ရှုပ်ထွေးဖွယ်ရာ ဖြစ်ပျက်နေတဲ့ ပြဿနာရပ်ပါ။

ဒီပြဿနာတွေအပေါ်မှာ လျစ်လျူမရှုနိုင်တဲ့အဆုံး DVB(Law Lab) ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ အစီအစဉ်ကနေ ဆွေးနွေးတင်ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆွေးနွေး တင်ဆက်မယ့် ပညာရှင်တွေဖြစ်တဲ့ တရားလွှတ်တော်ချုပ်ရှေ့နေ ဦးမောင်မောင်ဝင်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က ဦးကျော်ဇောနဲ့ အလုပ်သမားရေးရာ နိုင်ငံတကာမြှင့်တင်ရေး အလုပ်သမားအဖွဲ့ချုပ်၊ နိုင်ငံခြားဆက်ဆံရေး ညှိနှိုင်းရေးမှူး ဒေါ်အိရွှေစင်တို့ ဖြစ်ပါတယ်။

အစီအစဉ်ရဲ့ အစမှာတော့ ကြိုတင်ရိုက်ကူးထားတဲ့ ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်းရဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ပတ်သက်တဲ့ အမြင်တွေကို အခြေပြု တင်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းက “တည်ဆဲ အလုပ်သမား ဥပဒေမှာက အားနည်းချက် ရှိနေတာလား။ ဒါမှမဟုတ် ဘာလို့ ဒီဥပဒေပြဋ္ဌာန်းဖို့ နှောင့်နှေးနေရသလဲ” မေးမြန်းပါတယ်။

ဒီအမေးကိုတော့ ဦးမောင်မောင်ဝင်းက “တည်ဆဲ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေဟာ အားနည်းချက်တွေ ရှိတယ်။ ပြင်ဆင်ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ ပြဋ္ဌာန်းမယ်လို့သာ ပြောတာပါ။ အခုချိန်ထိ မူကြမ်းတောင် မထွက်သေးပါဘူး။ ဒုက္ခရောက်သူတွေ အရမ်းများနေပြီ။ အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းသင့်ပြီလို့ ယူဆပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဒေါ်အိရွှေစင်ကလည်း “လက်ရှိအနေအထားအရ အချို့သော ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေက လူကုန်ကူးမှုသဘော သက်ရောက်နေတယ်။ ဥပဒေကို မျက်ကွယ်ပြုတဲ့ လုပ်ရပ်မျိုးတွေ တွေ့နေရတယ်။ အေဂျင်စီတွေကလည်း လူရှာဖို့ ပွဲစားကို လိုအပ်တယ်။ ပွဲစားကလည်း လူရတာနဲ့ အေဂျင်စီကို ပြန်မအပ်တော့ဘူး။ အစိုးရကလည်း ဥပဒေအရ လုပ်ကိုင်တာ မရှိဘူး။ အေဂျင်စီကို အရေးယူပေမယ့် ထပ်ပြန်ပြီး အဲဒီကျူးလွန်ဖောက်ဖျက်သူက တကျော့ပြန်လုပ်ခွင့် လိုင်စင် လျှောက်ထားရင် ပြန်လက်ခံတယ်။ မပြည့်စုံတဲ့ ဥပဒေကိုတောင် လေးလေးစားစား မလုပ်ကြတာကို တွေ့နေရတယ်” လို့ ဆွေးနွေးသွားပါတယ်။

လုပ်ငန်းရှင်များအဖွဲ့ချုပ်က ဦးကျော်ဇောကလည်း “အေဂျင်စီကလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်။ အစိုးရကလည်း ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်သင့်တယ်။ လက်ရှိတိုးမြှင့်ထားတဲ့ လိုင်စင်ကြေးကလည်း များလွန်းတယ်” လို့ ပြောပါတယ်။

ဦးမောင်မောင်ဝင်းက ထပ်ဆင့်ဆွေးနွေးရာမှာတော့ “ပြည်တွင်းအတွက်သာမက အစိုးရကလည်း ပြည်ပရောက် အလုပ်သမားတွေအတွက်လည်း တိကျ ယုံကြည်ရလောက်တဲ့ အကာအကွယ်တွေ ပေးဖို့လိုတယ်။ ပြည်ပ အလုပ်သမားများအတွက် သမဂ္ဂဖွဲ့ခွင့်ကိုလည်း အစိုးရက ခွင့်ပြုပေးသင့်သလို ဥပဒေမှာလည်း ပြဋ္ဌာန်းပေးသင့်တယ်” လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအလိုအရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးဆိုင်ရာဥပဒေဟာ အခုထိ မူကြမ်းတောင် ထုတ်မပြနိုင်သေးပါဘူး။ ဥပဒေသစ် မပြဋ္ဌာန်းနိုင်မီ ကြားထဲမှာ အမိန့်တွေ၊ စာချွန်တွေလောက်နဲ့ လက်လှမ်းမမီတော့တဲ့ အနေအထားမှာ ရှိနေပါပြီ။ လူကုန်ကူးမှုတွေကလည်း ဥပဒေမပြဋ္ဌာန်းနိုင်မှုကို အခွင့်အရေးယူပြီး နေ့စဉ် ကျူးလွန်သူတွေကလည်း တိုးပွားနေဆဲပါ။

ပွဲစား လူလိမ်တွေရဲ့ လိမ်လည်မှုကြားမှာ ဘဝပျက်ရသူတွေလည်း မနည်းမနောပါပဲ။ အေဂျင်စီတွေရဲ့ မရိုးရှင်းမှုတွေကလည်း နေ့စဉ် ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို ကြည့်ရုံနဲ့ပင် သိသာပါတယ်။ ဒီကြားထဲ အခွန်ကောက်ဖို့သာသိပြီး တာဝန်ယူမှု မပေးနိုင်တဲ့ အစိုးရသံရုံးပိုင်းဆိုင်ရာ အားနည်းချက်တွေကလည်း နှလုံးနာစရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပ ထွက်ခွာ အလုပ်ရှာမယ့် နိုင်ငံသားတို့ရဲ့ “ချွေးဈေးကွက်”ကတော့ ရေရာသေချာမှု ရှိရေးအတွက် မရေရာသေးတဲ့ “ပြည်ပအလုပ်ကိုင် ဆိုင်ရာ ဥပဒေ”ကို မျှော်လင့်နေကြကြောင်းပါဗျာ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013