DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ ရောင်နီဦးဆိပ်ကမ်းတွင် ပဋိပက္ခဖြစ်ပွား၊ ၁ ဦးသေ ၆ ဦးဒဏ်ရာရ
DVB
·
July 5, 2017
စစ်တွေမြို့ ရောင်နီဦးဆိပ်ကမ်းတွင် ပဋိပက္ခဖြစ်ပွား၊ ၁ ဦးသေ ၆ ဦးဒဏ်ရာရ
1 / 3
Donate to DVB

 

ရခိုင်ပြည်နယ် စစ်တွေမြို့  ရောင်နီဦးဆိပ်ကမ်းမှာ   ပဋိပက္ခဖြစ်ပွားလို့ လူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းက ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာပြီး ရောင်နီဦးဆိပ်ကမ်း သွားရောက်ခဲ့တဲ့ ဦးလှမြင့် (ခ) နူရှုမာမောက်ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဒေသခံတွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှ ဦးမြင့်နိုင်ပါ ၁၀ ဦးဟာ စစ်တွေမြို့ တရားရုံးကို အမှုသက်သေခံဖို့အတွက် မှန်စီလုံခြုံရေးရဲကင်းမှ တပ်ကြပ်နိုင်နိုင်၊ တပ်သားစိုးဝင်းတို့နဲ့အတူ မော်တော်ယာဉ်နဲ့ ထွက်လာစဉ် အဲဒီယာဉ်နောက်မှကပ်ပြီး လှရွှေ (ခ) မိုဟာမတ် တူဆောင်း မောင်းနှင်ပြီး ဦးလှမြင့် (ခ) နူရှုမာမောက်၊ သိန်းကျော် (ခ) အဒူရာမာန်၊ အဒူဒါရစ်၊ မောင်မောင်ရှည် (ခ) အဒူမာလိတ်၊ မောင်သန်းကျော် (ခ) အဒူရာမောက်၊ မောင်နု (ခ) မော်နီရာမောက်တို့အဖွဲ့ လိုက်ပါလာတဲ့ Super Custom မော်တော်ယာဉ်က သက်သေခံဖို့ မသက်ဆိုင်ဘဲ သူတို့ အစီအစဉ်နဲ့သူတို့ တရားရုံးကို လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမော်တော်ယာဉ်ဟာ ရွာကြီး မြောက်ရပ်ကွက် မီးခြစ်စက်လမ်း ရောင်နီဦးဆိပ်ကမ်းသို့ မော်တော်ဟောင်း တစီးဝယ်ယူဖို့  ဆိပ်ကမ်းတဝိုက်ကြည့်ရှုနေစဉ် ဒေသခံတချို့က ခဲနဲ့ ဝိုင်းပေါက်ခဲ့ရာ မောင်နု (ခ) မော်နီရာမောက် ၅၅ နှစ်ဟာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ ဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒဏ်ရာရရှိသူ ၆ ဦးအနက် ၂ ဦးအား အတွင်းလူနာအဖြစ် ဆက်လက် ဆေးကုသလျက်ရှိပြီး ကျန် ၄ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒါးပိုင်ကယ်ဆယ်ရေးစခန်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ခဲတွေနဲ့ ဝိုင်းဝန်းပစ်ပေါက်ရာမှာ ပါဝင်ခဲ့တဲ့ တရားခံတွေကို ဥပဒေနဲ့အညီ ဖမ်းဆီး အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေသလို ရောင်နီဦး ဆိပ်ကမ်းဖြစ်စဉ်ကြောင့် တခြားနေရာတွေကို ပဋိပက္ခ ပြန့်ပွားကူးစက်ခြင်း မရှိစေဖို့ စစ်တွေမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြန့်ခွဲချထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013