အစိုးရကို ဝေဖန်ထောက်ပြခဲ့သည့် အန်အယ်လ်ဒီအမတ် ထုချေဖြေရှင်းခဲ့ရ
ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးအစိုးရကို မီဒီယာကနေ ဝေဖန်ထောက်ပြပြောဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျဟာ မနေ့က ထုချေဖြေရှင်းခဲ့ရပါတယ်။
ထုချေလွှာတင်ဖို့ကို ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ညွှန်ကြားခဲ့တာလို့ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် - ၁ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒီဗွီဘီကို ပြောပါတယ်
“မနေ့က တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတွေ့ပါတယ်။ သူကလည်း နှုတ်နဲ့ပဲပြောလို့ ကျနော်လည်း နှုတ်နဲ့ပဲ ကတိပေးခဲ့တာပါ။ အဓိကကတော့ မီဒီယာနဲ့တွေ့တဲ့အခါ ထိန်းထိန်းသိမ်းသိမ်း ပြောဖို့၊ ဆိုရှယ်မီဒီယာတွေမှာ ထိန်းထိန်းသိမ်းသိမ်းရေးဖို့ပါ”
ဦးကျော်ဇေယျဟာ ဇွန်လ ၂၆ ရက်က အာရ်အက်ဖ်အေ သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းတာမှာ နိုင်ငံတိုးတက်မှု မရှိတာ၊ စီးပွားရေးနှေးကွေးတာ၊ အစိုးရကို လွှတ်တော်က ထိန်းကျောင်းမှု အားနည်းတာ စတဲ့ အချက်တွေကို ပြောဆိုခဲ့တာပါ။
ဦးကျော်ဇေယျဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး စီမံကိန်းနဲ့စီးပွားရေး ကော်မီတီ အတွင်းရေးမှူးတာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
ပါတီဝင်တွေအနေနဲ့ အစိုးရနဲ့ ပါတီကို ဝေဖန်ရာမှာ အချက်အလက်မှားရင် အရေးယူမယ်လို့ ဇွန်လနောက်ဆုံးပတ်က ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတ္တမအကြိမ် ဗဟို ကော်မတီ အစည်းအဝေးမှာ ပါတီတာဝန်ရှိသူတွေက ပြောထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသက်တမ်းတစ်နှစ်ပြည့် မိန့်ခွန်းမှာတော့ ပြည်သူတွေအနေနဲ့ အစိုးရကို သေသေချာချာ လေ့လာဖို့၊ ဝေဖန်သင့်တာ ဝေဖန်ဖို့ ပြောခဲ့ပါတယ်။
ဓာတ်ပုံ- NLD











