မိတ္ထီလာမြို့နယ်တွင် မြေကျင်းတူးရာမှ ဗုံးသီးအဟောင်း ၂ လုံးတွေ့
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကုက္ကိုကုန်းရွာမှာ ဇူလိုင် ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်က ဒေါ်ခင်စန်းဝင်းရဲ့ နေအိမ် ရေချိုးကန်အနီး ရေဆိုးစုကန်လုပ်ဖို့ မြေကျင်းတူးရာ အနက် ၂ ပေလောက်မှာ သံချေးတက်နေတဲ့ ဗုံးသီးအဟောင်း ၂ လုံး တွေ့ရတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။
တာဝန်ကျရဲအရာရှိ ဒုရဲအုပ်အောင်သူဟိန်းက “ဗုံးသီးအဟောင်းတွေပါ။ သံချေးတက်နေပြီ။ ဗုံးသီးအကြီးက အလျား ၃ ပေ ၂ လက်မ၊ အနံ ၉ လက်မ၊ လုံးပတ် ၃ ပေ ၅ လက်မ ရှိတယ်။ အသေးလုံးကတော့ အလျား ၁ ပေ ၃ လက်မ၊ အနံ ၃ လက်မ၊ လုံးပတ် ၉ လက်မ ရှိတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးသီးဟောင်းကို ဇူလိုင် ၃ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ကို လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











