DVB Logo
Home
မြန်မာသတင်း
လယ်သမားများအားမနာဘဲတိုင်ကြားရန် လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်တိုက်တွန်း(ရုပ်သံ)
DVB
·
July 3, 2017
လယ်သမားများအားမနာဘဲတိုင်ကြားရန် လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်တိုက်တွန်း(ရုပ်သံ)
Donate to DVB

လယ်သမားတွေအနေနဲ့ လယ်ယာမြေ ဝယ်ယူထားပြီး အမည်ပြောင်း ပုံစံ(၇) လုပ်ဆောင်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရရင်  အားမနာဘဲ တိုင်ကြားကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က တိုက်တွန်း ပြောပါတယ်။

ဇူလိုင် ၃ ရက်  ပြည်သူ့လွှတ်တော်မှာ  လွှတ်တော်အမတ်  ဒေါ်ချိုချို မေးမြန်းတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ဝယ်ယူထားတဲ့ တောင်သူတွေ ငွေရေးကြေးရေး အဆင်ပြေစေဖို့ သက်ဆိုင်ရာကျေးရွာက လယ်စီအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လုပ်ပိုင်ခွင့်လက်မှတ် ဝယ်ယူထားသူရဲ့ နာမည်နဲ့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဦးဝင်းမြင့်ပြောကြားချက်အပြည့်အစုံ

“ဒီမေးခွန်းက တောင်သူလယ်သမားတွေ ယနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ပတ်သက်နေတဲ့မေးခွန်း ဖြစ်ပါတယ်။ ခုနက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ရောင်းကြတယ်၊ ဝယ်ကြတယ်၊ ဝယ်တာတွေ လုပ်ကြတဲ့အခါ ပုံစံ(၇)က ချက်ချင်း မရဘူး။ မရတဲ့အခါ ဒီချေးငွေကလည်း ဝယ်ထားတဲ့လူက တကယ်လုပ်တော့မယ့်သူက ချေးလို့ မရဘူး။ ဒီအခက်အခဲ ရှိတယ်။ ဒီအခက်အခဲကိုလည်း ခုနပြောသလို ဝယ်ပြီးတာ မှန်ကန်မယ်၊ တကယ် ဖြစ်တယ်ဆိုရင်လည်း ဝန်ကြီးဌာနအနေနဲ့ ကြိုးစားပေးစေချင်တယ်။”

“နောက်တချက်က အခုမှ ပုံစံ(၇) မရတဲ့အကြောင်းကိုလည်းပဲ ခုလိုပဲ တချို့ဝန်ထမ်းတွေက ငွေပေးငွေယူ ရှိနေတယ်။ ဒီငွေပေးငွေယူကြောင့် ကြန့်ကြာတယ်။ ကြန့်ကြာတဲ့အခါကျတော့ စိုက်ပျိုးစရိတ်ချေးငွေ မရတဲ့အခါကျတော့ လယ်သာ ဝယ်ထားတယ်။ စိုက်ပျိုးစရိတ်ချေးငွေလည်း မရ၊ လယ်လည်း စိုက်မရ ဆိုတော့ ဒီအခက်အခဲက တော်တော်ကျပ်တည်းပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလို ဝန်ထမ်းတွေ ရှိရင်လည်း ကျနော်တို့ ကိုယ်စားလှယ်တွေက ခုမေးတဲ့ မေးခွန်းရှင်တင် မဟုတ်ပါဘူး။ တိတိကျကျ ဆည်မြောင်းဝန်ကြီးဌာနကို တိုင်လို့ရတယ်။ ဘာမှ အားမနာနဲ့ ရာထူးနဲ့၊ နာမည်နဲ့၊ ဌာနနဲ့ တိတိကျကျတိုင်။ နာမည်နဲ့ လိပ်စာနဲ့ မှတ်ပုံတင်နဲ့ သေချာတိုင်၊ ကျနော့်ဆီလည်း မိတ္တူပေး၊ ဝန်ကြီးဌာနကလည်း ဒါကိုတော့ ထိထိရောက်ရောက် လုပ်ပေးပါ။”

“ဒါက အောက်ခြေမှာ တကယ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ပါ။ အဲဒီတော့ ခုနက ဖြေသွားတဲ့အထဲမှာ ဝန်ကြီးဌာနဘက်က ဥပဒေပေါ်လာရင်တော့ အဆင်ပြေမယ်ဆိုတာ ကျနော်တို့လည်း နားလည်ပါတယ်။ ဥပဒေမပေါ်ခင်စပ်ကြားမှာ ဒီအခက်အခဲ အကျပ်အတည်း ကြုံနေတယ်။ အခု မိုးရာသီပဲ စိုက်ရတော့မယ့်အချိန် ဖြစ်နေပြီ။ စိုက်တယ်ဆိုတာကလည်း ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး စားသုံးနိုင်ဖို့၊ နိုင်ငံတော်ဝင်ငွေ ရရှိဖို့၊ ပြည်ပတင်ပို့နိုင်ဖို့ ဒါတွေအကျိုးဆက်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေကို ဆွဲနေတာ ဟုတ်ပါပြီ။ ဒါတောင်မှ ဥပဒေ ပြီးတာတောင်မှ ဥပဒေပြီးတဲ့အတိုင်း မှန်မှန်ကန်ကန် လုပ်ကြဦးမှ။ ဥပဒေမပြီးခင် စပ်ကြားမှာ ဒီ ၇၀ ရာခိုင်နှုန်းသော တောင်သူလယ်သမားတွေ နေ့စဉ် ကြုံတွေ့နေတဲ့ အခက်အခဲကို ဝန်ကြီးဌာနအနေနဲ့ အကောင်းဆုံး ဖြေရှင်းပြီးတော့ ဆောင်ရွက်ပေးပါလို့ လွှတ်တော်အနေနဲ့လည်း ပြောကြားလိုပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013