DVB Logo
Home
မေးမြန်းခန်း
စစ်ပြေးဒုက္ခသည်များကို အကူအညီ ​ပေးနေသည့် ၈၈ မျိုးဆက်အဖွဲ့ကို မေးမြန်းချက်
DVB
·
February 23, 2012
စစ်ပြေးဒုက္ခသည်များကို အကူအညီ ​ပေးနေသည့် ၈၈ မျိုးဆက်အဖွဲ့ကို မေးမြန်းချက်
Donate to DVB

မင်းကိုနိုင်​၊​​ ကိုကိုကြီး​​၊​​ ​ကိုမြအေးတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ဒီကနေ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ကချင်စစ်ပြေး​ ဒုက္ခသည်တွေကို ကူညီဖို့ သွားနေပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်အခြေအနေနဲ့​ ပတ်သက်ပြီး ၈၈ အဖွဲ့မှ ကိုမြအေးကို မေးမြန်းထားပါတယ်။

[caption id="attachment_21594" align="alignright" width="243" caption="ကိုမြအေး​"][/caption]

ကချင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေပါလဲ။

“‘ဒီ ခရီးစဉ်မှာ ကျနော်တို့ ၈၈မျိုးဆက်ကျောင်းသားများ အားလုံးပေါင်း ၁၆ ယောက် ပါဝင်ပါမယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျနဲ့ ကျနော် အားလုံးပေါင်း ၁၆ ယောက်ပါ။”

အခု ကိုမြအေးတို့ မနက် ၉ နာရီခွဲပေါ့နော်။ အခု ဘယ်မှာရောက်နေပါပြီလဲ။

“အခု ကျနော်တို့ ရန်ကုန်လေဆိပ်သွားတဲ့ လမ်းမှာပါ။”

အကိုတို့ ကချင်ပြည်နယ် ခရီးစဉ် အသေးစိတ် ပြောပြပါလား။

“အဓိကကတော့ဗျာ ကချင်ပြည်နယ်မှာ ရှိတဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့အခါမှာ တန်ဖဲ ကျေးရွာတို့ဆို စီမံကိန်းကြောင့် ပြောင်းရွှေ့ထားလိုက်ရတာ ရှိတယ်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အခါမှာ ကျေးရွာသူရွာသားတွေအနေနဲ့ မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းရေးအတွက်ကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဖိတ်ကြားတဲ့ပွဲဖြစ်ပါတယ်။ အဲ့ဒါကို မနက်ဖြန် ၂၄ ရက်နေ့ မြစ်ဆုံမှာ ရွာသူရွာသားတွေ ဦးစီးဦးဆောင် ကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲပေါ့နော်။ ဖိတ်တဲ့အတွက် ကျနော်တို့ သွားမှာ ဖြစ်ပါတယ်။”

မနေ့က ကျနော်တို့ သိရတယ်။ ကိုဆောင်းဦးလှိုင်ကလည်း ငွေ သိန်း ၄၀ကျော် လှူလိုက်တယ်။ နာရေးကူညီမှုအသင်းကလည်း သိန်း ၁၀၀ လှူလိုက်တယ်။ ကချင်ဒေသက စစ်ဘေးသင့် ပြည်သူတွေအတွက်ပေါ့နော်။ အဲ့ဒီ ခရီးစဉ်နဲ့ တဆက်တည်း သွားမလား။

“ဟုတ်ပါတယ်။ မြစ်ကြီးနား ရောက်တဲ့အခါမှာ နာရေးကူညီမှုအသင်းက လှူပေးလိုက်တဲ့ သိန်း ၁၀၀ ရယ်။ ၁၀ သိန်း လှူထားတာလည်း ရှိပါတယ်။ စစ်ဘေးဒေသက ကလေးတွေအတွက်လေ။ အဲ့ဒါတွေကို မြစ်ကြီးနားမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားပြီးတော့ လှူမှာပါ။”

မစ်ကြီးနား ခရီးစဉ် ပြီးရင်ရော ဘယ်ကို ဆက်ဖို့ ရှိသေးလဲဗျ။

“၂၅ ရက်နေ့မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၉ ယောက်ကနေ မန္တလေးကို ဆင်းပါမယ်။ ကျနော်တို့ ကိုပြုံးချိုတို့ ကျန်ခဲ့တဲ့ ၇ ယောက်က မြစ်ကြီးနားမှာ ဆက်နေပါမယ်။ ၂၈ ရက်နေ့ကျမှ ရန်ကုန်ကို တိုက်ရိုက် ဆင်းမှာပါ။ ကိုကြည်မင်းနဲ့ ကိုအံ့ဘွယ် ဦးဆောင်တဲ့ အဖွဲ့က ဒီညနေမှာ ရန်ကုန်ကနေ မန္တလေးကို ကားနဲ့ တက်လာမယ်။ အဲဒီ အုပ်စုနဲ့ ပေါင်းပြီး မန္တလေးမြို့က မြို့မိမြို့ဖ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံမယ်။ နောက်တခါ မန္တလေးမှာ ရှိတဲ့ ဆရာတော်ကြီးတွေကို ၀င်ရောက် ဖူးမြှော်ပါမယ်။ ပြီးတဲ့အခါမှာ မန္တလေးကနေ တောင်ငူ၊ ညောင်လေးပင်ကို ဆင်းပါမယ်။ ၂၆ ရက်နေ့မှာ မန္တလေး ခရီးစဉ် အုပ်စုကနေ ရမည်းသင်းမှာ ရှိတဲ့ ဘုရားထီးတင်ပွဲကို နေ့ချင်းပြန် သွားရဦးမယ် ဆိုတော့ ခရီးစဉ်က တဆက်တည်းပါ။”

လွန်ခဲ့တဲ့ ၂၃ နှစ် ကျော်လောက်ကတည်းက စပြီးတော့ ဒီလိုမျိုး ခရီးစဉ် မပြောနဲ့။ လမ်းလျှောက်တာတောင်မှပဲ ကိုမြအေးတို့ ၈၈ တွေ ထောင်ဒဏ် နှစ်ရှည်တွေ ကျခဲ့တယ်ဆိုတာ ရှိခဲ့တော့ အခု ခရီးစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရသစ်က အစ်ကိုတို့ကို ဘယ်လို ကိုင်တွယ်လဲ။ ဘယ်လိုမျိုး တုံ့ပြန်လဲ။

“အခုထက်ထိ ကျနော်တို့ အပေါ်မှာ ဘာမှ တုံ့ပြန်တာ မရှိသေးဘူး။ နောက်တခုက ကျနော်တို့ အနေနဲ့ကလည်း မြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုတယ်ဆိုတဲ့အကြောင်းကို အတိအလင်း ပြောထားပြီးသား ဖြစ်တယ်ဗျာ။ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အမျိုးသား အင်အားစုအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာလည်း ကျနော်တို့ ပြောထားပြီး ဖြစ်တယ်။ လက်ရှိ အခြေအနေမှာတော့ ဘာမှ အခက်အခဲ ရှိလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013