DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကို ရိုက်နှက်၍ ထွက်ပြေးခဲ့သူ အကျဉ်းသား ၅ ဦးအနက် ၁ ဦး ဖမ်းမိ
DVB
·
July 3, 2017
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ အင်းဗြောင်ကုန်ထုတ်စခန်းမှ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၅ ဦးအနက် အကျဉ်းသားတဦးကို မုတ္တမ၊ ကျွဲခြံကျေးရွာမှာ ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မုတ္တမရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ပေါင်မြို့နယ်၊ မုတ္တမ၊ ကျွဲခြံကျေးရွာမှာ မသင်္ကာဖွယ်ရာ လူစိမ်းတဦး လမ်းလျှောက်သွားနေတယ်လို့ သတင်းရရှိတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ အဲဒီလူစိမ်းဟာ ထောင်ဝင်အမှတ် သထ/၁၅/၀၀၆၇၂/က၊ ရန်နိုင်(၂၆-နှစ်)၊ အင်းဗြောင်ရဲဘက်စခန်းမှ ဇွန်လ ၂၈ ရက်နေ့က ထွက်ပြေး လွတ်မြောက်နေသူ ဖြစ်နေပါတယ်။ ရန်နိုင် လွယ်ထားတဲ့ အနီရောင် ဘေးလွယ်အိတ်အတွင်းက အရိုးအသွား ၁၄ လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးချွန် ၁ ချောင်းကို သက်သေတွေရှေ့မှာ ရှာဖွေပုံစံရေးဖွင့်ကာ သိမ်းဆည်းခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။

ပေါင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးက “ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာ၊ အင်းဗြောင်ကုန်ထုတ်စခန်း၌ အကျဉ်းချခံထားရတဲ့ အကျဉ်းသား ရန်နိုင်၊ ကိုရဲ(ခ)သန်းနိုင်၊ ပြည့်စုံအောင်၊ ရဲဝင်းနိုင်(ခ)အကြီးကောင်၊ ဆန်းလင်းဇော်တို့ ၅ ဦးဟာ ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က တာဝန်ကျလုံခြုံရေးကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ပြည်သူ့ဝန်ထမ်းတဦးကို တာဝန်ထမ်းဆောင်နေချိန်မှာ နာကျင်အောင်ပြုလုပ်မှု ပုဒ်မ(၃၃၂)၊ ချုပ်နှောင်ခံထားရတဲ့ နေရာမှ ထွက်ပြေးလွတ်မြောက်မှု ပုဒ်မ (၂၂၄)နဲ့ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၅ ဦးကို အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး ရဲဘက်ပြေး ရန်နိုင်ကို မုတ္တမနယ်မြေရဲစခန်းက (ပ)၈၉/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013