DVB Logo
Home
မြန်မာသတင်း
နယ်စပ်သို့ ဖမ်းဆီးပို့ဆောင်ခံရသည့် မြန်မာများ ကားမှောက်၊ ၁၁ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
July 3, 2017
နယ်စပ်သို့ ဖမ်းဆီးပို့ဆောင်ခံရသည့် မြန်မာများ ကားမှောက်၊ ၁၁ ဦး ဒဏ်ရာရ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင်ထဲမှာ ထိုင်းလ၀ကရဲတပ်ဖွဲ့က ဖမ်းဆီးပြီး  နယ်စပ်ဘက်ပို့ဆောင်မယ့် မြန်မာအလုပ်သမားတွေ  ဒီကနေ့မနက်စောစောက လမ်းခုလပ်မှာ မတော်တဆ ယာဉ်တိမ်းမှောက်မှုနဲ့  ထပ်မံကြုံတွေ့ခဲ့ရပါတယ်။

တရားမ၀င်အလုပ်သမားပေါင်း ၄၅ ဦးကို တင်ဆောင်လာတဲ့ ၆ ဘီးကားတစီးဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်ကို ဦးတည်ထွက်ခွာလာစဉ် ဒီကနေ့မနက် ၆ နာရီက ကမ်ဖိုင်ဖစ်ခရိုင် ခလောင်း ခလုန်မြို့နယ် ပရိုတ်မကွတ်အုပ်စု ဖဟွန်ယိုးထင်းလမ်းအပိုင်းမှာ သစ်ပင်တပင်နဲ့ ၀င်တိုက်မိပြီး တိမ်းမှောက်သွားတာလို့ ခလောင်းခလုန်နယ်မြေရဲစခန်း ဒုရဲမှူး အဆတ်နိုင်း ဖတ်ကျင်းဒါးက ကေပီပီနယူးစ်ထိုင်းသတင်းထောက်ကို ပြောပါတယ်။

နယ်မြေထဲ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ လမ်းဘေးက မြောင်းထဲမှာ ဘေးတိုက်အနေအထားမှောက်နေ တဲ့ ၆ ဘီးကားတစ်စီးနဲ့  ဒဏ်ရာရသူတွေပါ တွေ့ရှိရကြောင်း၊ ဒဏ်ရာရသူ စုပေါင်း ၁၁ ဦးကို ခလောင်းထလုန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ကျန်သူတွေကို မဲဆောက်ဆက်ပို့ဖို့ တခြားကားတွေ စီစဉ်ပေးခဲ့ ရတယ်လို့ ဒုရဲမှူးက ပြောပါတယ်။

ဒဏ်ရာရသူတွေမှာ စိုးရိမ်ရတဲ့အခြေအနေမရှိကြောင်း၊ ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး အသက် ၂၆ နှစ်ရွယ် ထိုင်းလူမျိုး ကားမောင်းသမားက “သူဟာ ဆမွတ်ဆာခွန်းလ၀ကရဲတပ်ဖွဲ့က ဖမ်းထားတဲ့ တရားမ၀င်အလုပ်သမားတွေကို မဲဆောက်လ၀ကရုံးကို ပို့ပေးဖို့ ငှားရမ်းထားတဲ့ ယာဉ်တန်းထဲက  ဖြစ်ကြောင်း၊  သူတို့ ယာဉ်တန်းစုစုပေါင်း  အစီး ၂၀ ရှိကာ  ယမန်နေ့ည ၁၀ နာရီက ထွက်ခွာလာခဲ့ကြောင်း၊ ဒီမနက် အခင်းဖြစ်တဲ့နေရာနားအရောက် အိပ်ငိုက်သွားပြီး ကားက လမ်းဘေးကမြောင်းထဲ ချော်ကျသွားကာ သစ်ပင်တစ်ပင်ကို ၀င်တိုက်ပြီး မှောက်သွားတာ”လို့  ရဲကို ၀န်ခံဖြေကြားသွားပါတယ်။

ထိုင်းအစိုးရက ဘီအီး ၂၀၁၇  တရားမ၀င်အလုပ်သမားနှိမ်နှင်းရေး ဥပဒေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကစတင်အကောင်အထည်ဖော်ပြီး  နေ့စဉ်နဲ့အမျှ စစ်ဆေးဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးခံရသူရော၊ အထောက်အထားမပြည့်စုံလို့ ဆက်ပြီး မနေရဲသူတွေပါ မြန်မာအလုပ်သ မားပေါင်း ထောင်နဲ့ချီ မဲဆောက်ကနေတဆင့် မြန်မာပြည်ပြန်ခဲ့ပါတယ်။

ဒီဥပဒေဟာ အလုပ်ရှင်နဲ့အလုပ်သမားတွေကိုရော၊ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းတွေပါ ထိခိုက်စေတာကြောင့် ဥပဒေပြန်စဉ်းစားပေးဖို့ ထိုင်းနိုင်ငံလုပ်ငန်းရှင်များအဖွဲ့နဲ့ လူမှုအဖွဲ့အစည်း တွေက  ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြပါတယ်။

ဒါကြောင့် ထိုင်းဒုဝန်ကြီးချုပ်က စစ်ဆေးဖမ်းဆီးမှုတွေ ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားမယ့် အကြောင်း၊ ဒီရက်ပေါင်း ၁၂၀ အတွင်း အလုပ်သမားများအားလုံး ဥပဒေနဲ့ ညီအောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွား မယ်လို့  ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013