DVB Logo
Home
မြန်မာသတင်း
အန်စီအေ အကောင်အထည်ဖော်ရာတွင် နားလည်မှုကွဲလွဲနေ
DVB
·
July 3, 2017
အန်စီအေ အကောင်အထည်ဖော်ရာတွင် နားလည်မှုကွဲလွဲနေ
Donate to DVB

 

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(အန်စီအေ)ကို အကောင်အထည်ဖော်ရာမှာ အစိုးရ ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြားနားလည်မှုနဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု တွေကွဲလွဲနေတယ်လို့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေကကြေညာပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ   ဇွန် ၂၈ မှ ဇူလိုင် ၂ ရက်ထိ  ၅ ရက်တာ အစည်းအဝေး ကျင်းပပြီးနောက် PPST (တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးထားတဲ့  တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့)က ထုတ်ပြန်ကြေညာလိုက်တာပါ။

PPST  ပြောခွင့်ရသူ  ABSDFဥက္ကဋ္ဌ ရဲဘော်သံခဲက “လက်တွေ့အခြေအနေမှာ အန်စီအေကနေဖြစ်ပေါ်လာတဲ့ ၂၁ ရာစု ပင်လုံညီလာခံတွေ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တွေမှာ အကောင်အထည်ဖော်ကြတဲ့နေရာမှာ ခုလိုနိုင်ငံရေးဆွေးနွေးပွဲတွေ ဟာ အဓိကဖြစ်တော့ ကျနော်တို့ကြားမှာ လိုအပ်နေတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း ပြည့်ပြည့်စုံစုံ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘူး။ တချို့ကန့်သတ်မှုတွေရှိနေတယ်။ ဒါကြောင့် တဦးနဲ့တဦး နားလည်ဖို့ လိုတယ်။ ဝေးနေတယ်လို့ ယူဆပါတယ်။  ၂၁ ရာစုပင်လုံ ညီလာခံ နိုင်ငံရေးဆွေးနွေးပွဲမှာလည်း အစိုးရရဲ့ အခြေခံက ဒီမိုကရေစီဘက်ကို ဦးစားပေးပြီး လုပ်ဆောင်နေတဲ့ ပုံသဏ္ဍာန်ဖြစ်သလို ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်လာရင် တိကျခိုင်မာတဲ့ ဆွေးနွေးတင်ပြချက်တွေက အားနည်းနေသေးတာကို ကျနော်တို့မြင်တယ်။ တပ်မတော်ဘက်အပိုင်းမှာဆိုရင်လည်း တပ်မတော်ဘက်က အခုလက်ရှိ ၂၀၀၈ အခြေခံဥပဒေ ပုံစံထဲ ကဘဲပေါ့နော် ဆွေးနွေးနေတာကို တွေ့ရပါတယ်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ပုံစံ ဆွေးနွေးမှုအားနည်းတယ်လို့ ကျနော်တို့မြင်တယ်။”

PPST အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ အနာဂတ်အတွက်လိုအပ်မယ့် တိုင်းပြည် တည်ဆောက်ရေးဆိုင်ရာ ဒီမိုကရက်တစ်ဖက်ဒရယ်ပုံစံကို ရှာဖွေနေတာဖြစ်ကြောင်း၊ နိုင်ငံရေး စဉ်းစားချက်တွေမှာ နားလည်မှုတူညီဖို့ လိုအပ်သလို အဓိပ္ပါယ်ဖော်ဆောင်ချက်တွေလည်း တူညီဖို့လိုအပ်ကြောင်း ရဲဘော်သံခဲက ပြောပါတယ်။

ဒါကြောင့် အန်စီအေ အကောင်အထည်ဖော်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံး ပိုမိုထိရောက်စွာ အောင်မြင်စေဖို့ တပြည်လုံးအပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အမြင်သဘောထား ရပ်တည်ချက်တွေ ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ် သွားဖို့ပြီးခဲ့တဲ့ ချင်းမိုင် အစည်းအဝေးမှာ သဘောတူ ခဲ့ကြတယ်လို့  ဆိုပါတယ်။

ဒီစည်းဝေးပွဲမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ ၈ ဖွဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အာရ်စီအက်စ်အက်စ် က ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်စစ် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ အေအယ်လ်ပီ  ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ စီအန်အက်ဖ် ဒုဥက္ကဋ္ဌ ပူးဇင်ကျုံး  ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူရှေး KNU/KNLA - PC မှ အထွေထွေအတွင်းရေးမှူး နော်ကဖောထူး၊ PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့  အဓိက တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။  

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013