DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့နယ် ဈေးတချို့ကို အက်ဖ်ဒီအေမှ ရွေ့လျားဓာတ်ခွဲခန်းဖြင့် စတင်စစ်ဆေး
DVB
·
July 3, 2017
Donate to DVB

မြိတ်မြို့နယ်အတွင်းရှိ ဈေးတချို့ကို အက်ဖ်ဒီကေက ဇူလိုင်လ ၃ ရက်နေ့မှာ ရွေ့လျားဓာတ်ခွဲခန်းနဲ့ စတင်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

မြိတ်မြို့နယ် စည်ပင်သာယာဈေးကြီးနဲ့ တိုးချဲ့ဈေးတွေကို အဓိကဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပြီး စားသောက်ကုန်၊ အလှကုန်နဲ့ ဆေးဝါးတွေကို နမူနာယူ စစ်ဆေးခဲ့တာပါ။

ရွေ့လျားဓာတ်ခွဲခန်းမှာ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်မြို့တို့ကို လိုက်လံစစ်ဆေးနေတာ ဖြစ်ပြီး မြိတ်မြို့မှာ အဖွဲ့စုံနဲ့ လိုက်လံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မြိတ်ခရိုင် စားသောက်ကုန် စစ်ဆေးရေးဌာမှ ဦးစီးအရာရှိ ဒေါက်တာခင်မေဌေးက “အစားအသောက်၊ ဆေးဝါး၊ အလှကုန်တွေကို စားသောက်ဖို့နဲ့ သုံးစွဲဖို့ သင့်၊ မသင့် တာရှည်ခံဆိုးဆေး၊ ဖောမလင်းတွေ ပါ၊ မပါ နမူနာကောက်ယူပြီးတော့ ရွေ့လျားဓာတ်ခွဲခန်းနဲ့ တခါတည်း စစ်ဆေးသွားမှာပါ။ အဲဒါတွေ ပါလာခဲ့ရင် လုပ်ငန်းရှင်ကို ခံဝန်ကတိ လက်မှတ်ထိုးခိုင်းပြီး တခါတည်း ပစ္စည်းကို သိမ်းဆည်းသွားပါ့မယ်”လို့ ပြောပါတယ်။

မြိတ်မြို့မှာ မြန်မာ့အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန(အက်ဖ်ဒီအေ) ရုံးခန်းကို ၂၀၁၇ ဇန်နဝါရီက စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း စားသုံးဖို့ မသင့်တဲ့ ကုန်ပစ္စည်းတချို့ကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ အက်ဖ်ဒီအေတာဝန်ရှိသူတဦးက ဆိုပါတယ်။

မြိတ်မြို့မှာ ရွေ့လျားဓာတ်ခွဲခန်း မရှိတဲ့အတွက် အဖွဲ့စုံနဲ့ လိုက်လံစစ်ဆေး၊ ပညာပေးတာတွေကိုသာ ဆောင်ရွက်နေရပြီး ရွေ့လျားဓာတ်ခွဲခန်းနဲ့ စစ်ဆေးတာဟာ အခုပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။

“များသောအားဖြင့်တော့ ရွေ့လျားဓာတ်ခွဲခန်း မရှိတဲ့အတွက် စားသုံးရန်မသင့်ဆိုတဲ့ ကြေညာထားတဲ့ ကုန်ပစ္စည်းတွေ မသုံးစွဲမိစေဖို့ ဟောပြောပွဲတွေ လုပ်တယ်။ ဆေးဆိုင်တွေကို လည်း မှတ်ပုံတင်တွေ မရှိတဲ့ ဆေးဝါးတွေကို မရောင်းချပေးဖို့ လိုက်ပြီး ပညာပေးတာတွေ လုပ်နေခဲ့ရပါတယ်။ ကုန်ပစ္စည်းတွေကိုတော့ ဘယ်နိုင်ငံထုတ်ထုတ် အကုန်စစ်ဆေးပါတယ်” လို့ ဒေါက်တာခင်မေဌေးက ပြောပါတယ်။

မြိတ်မြို့နယ်ထဲက ဈေးတချို့မှ စားသောက်ကုန်၊ အလှကုန်နဲ့ ဆေးဝါးတွေကို နမူနာ လိုက်လံယူပြီး စစ်ဆေးကာ သုံးစွဲရန်မသင့်တဲ့ ကုန်စည်များ ပါဝင်နေခဲ့ပါက သိမ်းဆည်းကာ လုပ်ငန်းရှင်ကိုလည်း သတိပေး ခံဝန်ထိုးခိုင်းတဲ့ စနစ်နဲ့ စတင်ဆောင်ရွက်နေတာပါ။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013