DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများထံ ငွေညှစ်သည့်ရုပ်သံကြောင့် ထိုင်းပုလိပ် ၃ ဦး အရေးယူခံရ (ရုပ်သံ)
DVB
·
July 3, 2017
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမားတွေဆီကနေ ငွေညှစ်ဖို့ ကြိုးစားတဲ့ ထိုင်းပုလိပ် ၃ ဦး အရေးယူခံရပြီး  တနိုင်ငံလုံးရှိ ထိုင်းရဲတွေအနေနဲ့  ပြည်သူတွေပေါ် လာဘ်စားတာ၊  ငွေညှစ်တာတွေရှိရင် ပြတ်ပြတ်သားသား အရေးယူခံရမယ်လို့ ထိုင်း ရဲချုပ်ကြီးက သတိပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ တရားမဝင်အလုပ်သမား နှိမ်နင်းမှုစီမံချက်ကြောင့် ပြီးခဲ့တဲ့အပတ်က ရွှေ့ပြောင်းအလုပ်သမားတွေ ထောင်နဲ့ချီ မိခင်နိုင်ငံကို ပြန်လာကြပြီး အဲဒီထဲက တချို့ အလုပ်သမားတွေ ငွေညှစ်ခံခဲ့ရတာပါ။

ဇွန် ၃၀ ရက်နေ့ မနက်က မဲဆောက် အဝေးပြေးဂိတ်အနီးမှာ အလုပ်သမားတစု ငွေညှစ်ခံနေရတာကို တွေ့လို့ အဲဒီဘက် ခရီးသွားနေတဲ့ အေအေစီ အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့က အဲဒီထိုင်းရဲတွေကို ဗွီဒီယိုရိုက်ယူပြီး လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။

ထိုင်းသတင်းဌာနတွေက အဲဒီဗွီဒီယိုကို ပြန်လည်ကိုးကား သတင်းထုတ်ပြန်ခဲ့တာကြောင့် ဒီကိစ္စ မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့ရော ထိုင်းရဲချုပ်ရုံးအထိပါ ရောက်ရှိသွားပြီး ခုလို အရေးယူ သတိပေးချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဆိုပါ မဲဆောက်အဝေးပြေးဂိတ်တဝိုက်မှာ ထိုင်းရဲတွေ လုပ်စားနေတာကြာပြီ ဖြစ်ကြောင်း၊ အဲဒီနေ့ကလည်း ပုံမှန်စစ်ဆေးရေးဂိတ် မဟုတ်ဘဲနဲ့ ရဲ ၃ ယောက်ထွက်လာပြီး အလုပ်သမားတွေရဲ့ မှတ်ပုံတင် အထောက်အထား တောင်းကြည့်ကာ မပြည့်စုံသူတွေဆီက ဘတ်ငွေ ၄ ထောင်ကနေ ၅ ထောင်အထိ တောင်းယူခဲ့လို့  ဗွီဒီယို ရိုက်ယူခဲ့တာလို့  အေအေစီ မဟာမိတ်အလုပ်သမားကူညီရေးအဖွဲ့မှ ကိုရဲမင်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“တရားဝင်ဂိတ် မဟုတ်ဘဲ မြန်မာတွေဆီကနေ ငွေတောင်းတာ၊ ဒီကောင်တွေ လုပ်နေတာ ကြာပြီ၊  ဘယ်သူမှလည်း မနှိမ်နင်းနိုင်ဘူးပေါ့နော်။  ကျနော်တို့ကိုလည်း စစ်တယ်။ စစ်ရင်းနဲ့မှ အလုပ်သမားတွေက ငွေ ၄-၅ ထောင် အတောင်းခံရတယ်ဆိုပြီး အကူအညီတောင်းလို့၊ အမှန်ကတော့ အဲလိုဗွီဒီယိုရိုက်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကိုယ့်မြန်မာပြည်သားတွေ အဲလို ဒုက္ခဖြစ်နေတယ်ဆိုတော့ စိတ်တိုသွားတယ်။ အဲမှာ ကျနော်တို့အဖွဲ့ထဲက နိုင်နိုင်ဆိုတဲ့ တယောက်က  ဗွီဒီယိုရိုက်လိုက်တယ်။ ရိုက်တော့  ရဲတွေနဲ့ အတိုက်အခံဖြစ်သေးတယ်။ နောက်တော့ ရဲတွေက သူတို့အားလုံးကို ပိုက်ဆံမကောက်တော့ဘူး။”

နောက်နောင် အလုပ်သမားတွေအနေနဲ့ ခုလို မတရားလုပ်ခံနေရတာတွေ့ရင်၊ ကိုယ့်ဘက်က မှန်နေတယ်ဆိုရင် ဖုန်းထုတ်ပြီး ဓာတ်ပုံဗွီဒီယိုရိုက်မှာ မကြောက်ဖို့ ဒါမှမဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ဆက်သွယ်ဖို့  ကိုရဲမင်းက ပြောသွားပါတယ်။

အလုပ်သမားတွေဆီကနေ ငွေညှစ်တဲ့ ရဲ ၃ ယောက်ကို မဲဆောက်မြို့နယ် ရဲမှူးကြီး ဖားဆကွန်း ကလန့်ဝမ်က ခေါ်ယူစစ်ဆေးရာမှာ  အလုပ်သမားတွေဆီ အထောက်အထား တောင်းကြည့်တာ ဝန်ခံပြီး ငွေကောက်ခံမှုကိုတော့ ငြင်းဆိုထားကြောင်း၊ ဒါပေမယ့်  စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး ဆက်လက် စစ်ဆေးနေကြောင်း၊  လောလောဆယ် သူတို့ကို နယ်လှည့် ပြည်သူ့ဆက်ဆံရေး  တာဝန်ဝတ္တရားကနေ ချထားကာ  ရုံးမှာပဲ အစောင့်လုပ်ခိုင်းထားတယ်လို့  ရဲမှူးကြီးက ဇွန်လ ၁ ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကျကထစ်ပ်  ချိုင်းဂျင်းဒါးက  နယ်မြေအသီးသီးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့  ပြည်သူတွေပေါ်မှာဖြစ်ဖြစ်၊ တရားမဝင် အလုပ်သမားတွေပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ရှင်တွေပေါ်မှာဖြစ်ဖြစ်  ပုံစံအမျိုးမျိုးနဲ့  လာဘ်စားခြင်း၊ ငွေညှစ်ခြင်း အလျှင်းမပြုရ၊ တွေ့ရှိက တရားဥပဒေအရ ထိရောက်ပြတ်သားစွာ အရေးယူမယ်လို့ ဇူလိုင်လ ၂ ရက်နေ့ ထိုင်းအမျိုးသားရဲဌာနချုပ်မှာ ပြောသွားပါတယ်။

ဒါ့အပြင် မိဘပြည်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လည်း ရဲတွေဆီက မတရားတာ၊ ငွေညှစ်တာ ခံရတယ်ဆိုရင် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ထံ အကြောင်းကြား တိုင်တန်းကြဖို့လည်း ထိုင်းရဲချုပ်ကြီးက ပြောသွားပါတယ်။

ကိုးကား - http://www.bangkokbiznews.com/news/detail/762538

ရုပ်သံ - Ye Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013