DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်က အန္တရာယ်ရှိ သဲတော-ရိုးစုံလမ်းကို လူငယ်များ ကိုယ်ထူကိုယ်ထ ပြုပြင်
DVB
·
July 3, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် လမ်းအရှည် ၆ မိုင်ရှိတဲ့ သဲတော-ရိုးစုံ ကျောက်ခင်းမြေနီလမ်းဟာ ချိုင့်ခွက်တွေ၊ ကျောက်တုံးတွေ ရှောင်ကွင်းသွားလာရင်း အန္တရာယ် ရှိလာလို့ ကျေးလက်နေ လူငယ်တွေ စုစည်းပြီး စေတနာအလှူငွေ လုပ်အားနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်နေကြပါတယ်။

လမ်းပြုပြင်နေတာ ဇွန်လ ၁၅ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ ၁ မိုင်နီးပါး ပြီးသွားပြီလို့ ညောင်ဦးဖီး အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှုး ဦးတင်ဆင့်က “အမှတ် ၂ ခရိုင်ချင်းဆက်လမ်းနဲ့ ဆက်သွယ်တဲ့လမ်းပါ ၆ မိုင် ရှည်ပါတယ်။ ကျေးရွာ ၁၀၀ လောက် အသုံးပြုပါတယ်။ နေ့စဉ် လူဦးရေ ထောင်ကျော် အသုံးပြုပါတယ်။ သဲတောဈေးဆိုရင် လူဦးရေ သောင်းကျော် အသုံးပြုတယ်။ ကား၊ ဆိုင်ကယ် အစီး လေး ငါးဆယ်လောက် နေ့စဉ်ဖြတ်တယ်။ ဟိုဘက်ရှောင် ဒီဘက်ကွင်းနဲ့ ယာဉ်အန္တရာယ် ရှိလာတယ်။ သွားလာရေး ခက်ခဲနေတယ်”လို့ ပြောပါတယ်။

တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုမင်းထက်က “တမြို့နယ်လုံးက လမ်းတွေ အတော်ဆိုးကုန်ပြီ။ သဲတော-ရိုးစုံလမ်းကို နိုင်ငံတာကာကူညီမှုနဲ့ ပြင်ပေးမယ်။ ဂျပန်နိုင်ငံရယ် တရုတ်နဲ့ မိတ်ဖက်နိုင်ငံများရယ် ဘယ်နိုင်ငံက လာမယ်တော့ မသိသေးဘူး။ ပထမဦးစားပေးအနေနဲ့ ပြင်မယ်။ ကွန်ကရစ်ခင်းမယ်လို့ သိရတယ်” ပြောပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အေအီး ဦးအေးလွင်က “ကျေးရွာပြည်သူတွေအနေနဲ့ တင်ပြလာရင် ကွင်းဆင်းကြည့်တယ်။ ဝန်ကြီးဌာနကို ပြန်တင်ပြပေးတယ်။ လမ်းပြင်ဆင်တဲ့ ဘတ်ဂျက်ငွေက ပြည်ထောင်စုအစိုးရက ချပေးပါတယ်။ နိုင်ငံတကာ အကူအညီပေးမယ်။ မြို့နယ်တွင်း အဓိကကျတဲ့လမ်းတွေ စာရင်းတောင်းတယ်။ သဲတော-ရိုးစုံလမ်းကို စာရင်းပေးထားတယ်။ ဌာနအနေနဲ့ ပြင်ဆင်ဖို့ ဘတ်ဂျက်ငွေ တောင်းထားတုန်းပဲ ရှိသေးတယ်။ ပြန်မကျသေးဘူး” လို့ ပြောပါတယ်။

ဒေသခံ ကိုဘုန်းကျော်က “လမ်ဆိုးလို့ ယာဉ်တိုက်မှုတွေ ဖြစ်တယ်။ တအားကြီး မထိခိုက်တော့ အချင်းချင်း နားလည်မှုနဲ့ ရဲစခန်းမသွားတော့ဘဲ ကျေနပ်ကြတယ်။ ဒါကြောင့် ကျနော်လည်း စေတနာထားပြီး လာကူညီတယ်” လို့ ပြောပါတယ်။

အမှတ်-၂ ခရိုင်ချင်းဆက်လမ်းကို အလောင်းမင်းတရား လက်ထက်က ယိုးဒယားစစ်ချီတဲ့ မင်းလမ်းလို့ ပြောကြပါတယ်။ အဲဒီစစ်ကြောင်းကို သဲတော-ရိုးစုံလမ်းမှာရှိနေတဲ့ ရွာတွေက ထောက်ပံ့တဲ့ရိက္ခာကို ဒီလမ်းက သွားပို့ပေးရတယ်။ ဖဆပလခေတ်မှာ ပြည်တော်သာလမ်း ဆိုပြီး ကျောက်ခင်းပေးခဲ့တယ်။

၂၀၁၄ မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက မြေနီခင်းပေးတယ်။ အဲဒီနောက်ပိုင်း အခုထိ ပြန်မပြင်လို့ ပျက်စီးတာများသွားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း-(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013