DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၇၀ ကျော် ကော့သောင်းကို ပြန်လည်ရောက်ရှိ
DVB
·
July 2, 2017
မြန်မာအလုပ်သမား ၇၀ ကျော် ကော့သောင်းကို ပြန်လည်ရောက်ရှိ
1 / 8
Donate to DVB

ထိုင်းနိုင်ငံမှ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ မိမိနေရပ်အသီးသီးကို ပြန်လာနေကြရာမှာ ကော့သောင်းမြို့နယ်စပ်ဂိတ်ကို ဇူလိုင် ၁ ရက်နေ့ညနေပိုင်းက ပထမအသုတ်အနေနဲ့ ၇၂ ဦး စတင်ရောက်ရှိလာပါတယ်။

ဒီလိုရောက်ရှိလာတဲ့ ပြည်တော်ပြန်အလုပ်သမားတွေကို ကော့သောင်းခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်နဲ့ တာဝန်ရှိသူတွေ၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့တွေက ပူးပေါင်းကြိုဆိုခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ကြပါတယ်။

အခုရောက်လာတဲ့သူတွေကို ထိုင်းအခြေစိုက် အလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ပူးပေါင်းပို့ဆောင်ပေးတာဖြစ်ပြီး နောက်ပိုင်းရက်တွေမှာ ကျန်ရှိနေသေးတဲ့ သူတွေကို ထပ်မံပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

“ကော့သောင်းဆိုရင် ပထမဦးဆုံးအခေါက်ပေါ့။ အဓိကကတော့ လက်မှတ်လုံးဝမရှိတဲ့သူတွေ၊ အလုပ်ရှင်မတူတဲ့သူတွေ ဒီလူတွေကို ထိုင်းအစိုးရကနေ ဖမ်းဆီးနေတယ်ပေါ့။ ဒီလူတွေကို သူတို့ဆန္ဒနဲ့သူတို့ မိမိနေရပ်ပြန်နိုင်ဖို့ ကျနော်တို့နဲ့ ဆက်သွယ်ပြီးပြန်နိုင်ဖို့ စီစဉ်ပေးတာပါ” လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ရောက်ရှိလာတဲ့သူတွေကို ကော့သောင်းမြို့ ကမ်းနီးပရဟိတအဖွဲ့အစီအစဉ်နဲ့ ရန်ကုန်မြို့အထိ အခမဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

“တရားဝင်အလုပ်သမားတွေဖြစ်အောင် ဥပဒေကို မွန်းမံပြင်ဆင်နေတယ်၊ တရားဝင်အလုပ်သမားတွေဖြစ်အောင်။ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေကို ပြန်ပါဆိုပြီးတော့ လမ်းကြောင်းဖွင့်ပေးလိုက်တာ ဖြစ်တယ်။ ကိုယ့်အလုပ်ရှင် အလုပ်သမားဖြစ်အောင် စည်းကြပ်တဲ့နေရာမှာ ပိုပြီးကောင်းသွားဖို့ စည်းစနစ်ကျဖို့ လိုအပ်ပါတယ်လို့ အလုပ်သမားသံအရာရှိ ဦးခင်အောင်မြင့်က ပြောပါတယ်။

အခုရောက်ရှိလာတဲ့ သူတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်တွေဖြစ်တဲ့ ဖန်င၊ ဖူးကစ်၊ စူရတ် ခရိုင်တွေမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနဲ့ ဈေးဆိုင်တွေမှာ လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်နေ့က ထုတ်ပြန်ပြီး ၂၃ မှာ စတင်အသက်ဝင်တဲ့ ဘီအီး 2017 ထိုင်းအလုပ်သမား ဥပဒေကြောင့် အထောက်အထားမပြည့်စုံတဲ့ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ မိခင်နိုင်ငံကို အစုလိုက်အပြုံလိုက်ပြန်နေကြပါတယ်။

မြန်မာအလုပ်သမားတွေဟာ မယ်ဆိုင်၊ ရနောင်း၊ မဲဆောက် စတဲ့ လမ်းကြောင်းကနေ ပြည်တွင်းပြန်ဝင်နေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲ တရားဝင်အနေနဲ့ရော၊ တရားမဝင်အနေနဲ့ပါ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၃ သန်းလောက်ရှိမယ်လို့  မြန်မာ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013