DVB Logo
Home
မြန်မာသတင်း
ဂေါ်ရခါး လူမျိုးများ မှတ်ပုံတင်ရရန် လာဘ်ငွေသိန်းချီပေးရ
DVB
·
February 22, 2012
ဂေါ်ရခါး လူမျိုးများ မှတ်ပုံတင်ရရန် လာဘ်ငွေသိန်းချီပေးရ
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ထဲက ဂေါ်ရခါးလူမျိုးတွေ မှတ်ပုံတင် လုပ်ကြတဲ့အခါ  လာဘ်ငွေအမြောက်အမြား ပေးနေရပြီး ငွေမပေးရင် ကြန့်ကြာတယ်လို့  ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီမြို့နယ်ကနေ ၀င်ပြိုင်မယ့် အမတ်လောင်းတဦးက ပြောပါတယ်။

ဟိန္ဒူဘာသာဝင် ဂေါ်ရခါးလူမျိုးတွေ မှတ်ပုံတင်လုပ်တဲ့အခါ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုမှုနဲ့ နိုင်ငံသားဆိုတဲ့ အဆင့် ၃ ဆင့် လုပ်ကိုင်ဖို့ လာဘ်ငွေမပေးရင် မှတ်ပုံတင်ရဖို့ မလွယ်ကူတဲ့အတွက် အခက်တွေ့နေတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ပြိုင်မယ့် အမတ်လောင်း ဦးမြတ်မိုးမြင့်က ပြောပါတယ်။

မှတ်ပုံတင်လုပ်ဖို့ သတ်မှတ်ကုန်ကျငွေက ထောင်ဂဏန်းလောက်သာ ရှိပေမယ့်လည်း တကယ်လက်တွေ့မှာ ၁ သိန်းခွဲ၊ ၂ သိန်းနီးပါး ကုန်ကျနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကျေးရွာက ဂေါ်ရခါးတွေက ဆင်းရဲသားများတယ်။ တောင်သူလယ်သမားတွေ များတယ်။ နောက်ပြီးတော့ သူတို့က မိသားစုလိုက် နိုင်ငံသားဖြစ်ထားတာတွေ များတယ်။ ဒါပေမယ့် သူတို့မှတ်ပုံတင် လုပ်တဲ့အခါကျတော့ ၁ သိန်းခွဲကနေ ၃ သိန်းထိ ပေးရတယ်လို့ လာတိုင်ကြတယ်။ လ၀က ရုံးကိုသွားမေးတော့ မတောင်းဘူးလို့ပြောတယ်။ တောင်းရင်လည်း ဘယ်သူတောင်းလဲ၊ ဘယ်နေ့ကလဲ၊ ဘယ်လောက်တောင်းတာလဲ မှတ်ပြီးတော့ လာတိုင်ပါ၊ ဖြေရှင်းပေးမယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလလောက်က လုပ်ထားတဲ့လူ ၁ယောက်နဲ့ တွေ့တယ်။ ပေးရတယ်လို့ပြောတယ်။ နှစ်ဖက်လုံး တိုင်းရင်းသားဖြစ်တယ်။ ဇနီးဘက်ကကော သူ့ဘက်ကပါ နိုင်ငံသားဖြစ်ထားပြီးသား၊ ၁ သိန်းခွဲ ပေးခဲ့ရတယ်လို့ ပြောပါတယ်။”

ရွာမှာ တချို့သော ဂေါ်ရခါးလူမျိုးတွေဟာ နိုင်ငံသား အဆင့် ရထားပေမယ့်လည်း သားသမီးတွေ မှတ်ပုံတင် သွားရောက် လုပ်ကိုင်ရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။

လာဘ်ငွေမပေးရင် ကြန့်ကြာအောင် လုပ်ထားတဲ့အတွက် မှတ်ပုံတင်ရရေး မလွယ်ကူသလို ငွေတောင်းတဲ့သူကို တိုင်ရင်လည်း အထောက်အထား မရှိတဲ့အတွက် ပြန်လည် တရားစွဲခံရမှာကို ကြောက်လို့ မတိုင်ရဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံရတဲ့ လ၀ကရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

မိုးကောင်းမြို့နယ်အတွင်း ကမ်ဘာလီ၊ အုတ်ကျင်း၊ သစ္စာ၊ သူဌေးကုန်းရွာတွေမှာ ဂေါ်ရခါးလူမျိုးတွေ အများဆုံး နေထိုင်ကြပြီးတော့ အိမ်ထောင်စုဝင် ၁,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013