DVB Logo
Home
မြန်မာသတင်း
ရထားလမ်းဖောက်လုပ်ရန် စိုက်ပျိုးဆဲစိုက်ခင်းကို မြေထိုးစက်ဖြင့်ထိုး
DVB
·
February 22, 2012
Donate to DVB

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ ရိတ်သိမ်းတော့မယ့် မတ်ပဲနဲ့ စပါးခင်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတခုက မီးရထားလမ်း ဖောက်လုပ်ဖို့ဆိုပြီး တောင်သူတွေကို အသိမပေးဘဲ မြေထိုးစက်နဲ့ ထိုးလိုက်တဲ့အတွက် တောင်သူတွေ နစ်နာဆုံးရှုံးနေကြပါတယ်။

ပုသိမ်နဲ့ ဆပ်ကော့ ဘူတာ ပတ်လမ်းအ၀င် ရထားလမ်းအတွက် တောင်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေကို အသိမပေးဘဲ Steel Stone ကုမ္ပဏီက မြေထိုးစက်နဲ့ ထိုးလိုက်တာပါ။

ရိတ်သိမ်းခါနီး လယ် ၈ ဧကနဲ့ ငါးမွေးကန် ၁၈ ဧကလောက် ဆုံးရှုံး နစ်နာခဲ့ရတဲ့ တောင်သူ ဦးဝင်းဌေးက စုစုပေါင်း စိုက်ခင်းဧက ၆၀ လောက် ပျက်စီးခဲ့ရတယ်လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်လောက်က စပြီး မြေထိုးစက်နဲ့ ထိုးပြီး မြေသားတွေကို ပုံလိုက်တဲ့အတွက် ဆပ်ကော၊ အုန်းပင်စု၊ အောက်စု ကျေးရွာက လယ်သမား ၅၁ ဦးရဲ့ လယ်ယာမြေဧက  ၁၀၀ လောက်လည်း ထိခိုက်ခဲ့ရပါတယ်။

“ကျနော်တို့ ဆုံးရှုံးမှုက များတယ်။ တနွေလုံး လုပ်လာပြီးမှ ဒီလို ဆုံးရှုံးတော့ တောင်သူ တော်တော်များများလည်း မခံမရပ်နိုင် ဖြစ်တယ်။ ကြိုတင် တားထားလို့ ကျနော်တို့က စိုက်ပျိုးရင်တော့ တမျိုးပေါ့။ ကြိုတင် တားမြစ်မထားပဲ အခုလို လုပ်တော့ ခံပြင်းကြတာပေါ့။”

မြေထိုးစက်နဲ့ ထိုးနေတဲ့အချိန်မှာ တောင်သူတွေက သွားရောက် ဟန့်တားခဲ့ပေမယ့် မရသလို ကုမ္ပဏီကလည်း လျော်ကြေး တစုံတရာ မပေးဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ Steel Stone ကုမ္ပဏီကို မေးကြည့်ရာမှာ သက်ဆိုင်ရာထံက ခွင့်ပြုချက်ရယူပြီးမှ လုပ်တာပါလို့ တာဝန်ရှိသူတဦးက ဖြေပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သိမ်းယူထားတာ ဖြစ်ပြီးတော့ ကျေးရွာနဲ့ မြို့နယ် အာဏာပိုင်တွေက ရထားလမ်းဖောက်လုပ်ဖို့ သတ်မှတ်ပေးထားတဲ့အတွက် လုပ်ဆောင်တာလို့ အဲဒီနေရာမှာ လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ ကုမ္ပဏီနဲ့ မဆိုင်ပါဘူး။ လမ်းအူကြောင်း ဖောက်ဖို့အတွက်ကို နိုင်ငံတော်ကို တင်တာပေါ့။ တင်ပြီးမှ လမ်းကြောင်းမှာ ဒီနေရာတွေ ဖို့ပါဆိုတော့မှ ကျနော်တို့က လုပ်ရတာ။ ကျနော်တို့က မြေဖို့လုပ်ငန်း သက်သက်ပဲ။ အဲဒီနေရာကို အခု ရထားလမ်း မြေကြီးဖို့တော့မှာဆိုတော့ ကျနော်တို့ ရှင်းတာပေါ့။မီးရထားလမ်း ဖောက်မှာပါ။ လမ်းအူကြောင်းမှာ အလံတွေ စိုက်ထားတယ်။ အစောပိုင်းကတည်းကပါ။ အခု သုံးနှစ်ရှိပါပြီ။ ရထားလမ်းဖောက်ဖို့ နေရာဆိုပြီး သိမ်းထားပြီးသားပါ။ ကျေးရွာအဖွဲ့အစည်းနဲ့ မယက အဖွဲ့အစည်းတွေကို ဒီနေရာတွေ လုပ်ဖို့ဆိုတာကို သတ်မှတ်ပြီးသား၊ အဲဒီ့ နေရာကို မစိုက်ဖို့ မှာထားပြီးသား။ ပထမ တနှစ် လုပ်တယ်။ လွတ်ရင် စားမယ်ပေါ့။ ငြိတော့လည်း မတတ်နိုင်ဘူးပေါ့။”

ကုမ္ပဏီက လျော်ကြေးပေး၊ မပေး ဆိုတာကို မေးမြန်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကိုင်တွယ်နေတာ ဖြစ်လို့ သိရှိခြင်း မရှိကြောင်း ပြောဆိုပါတယ်။

တောင်သူတွေက သူတို့ နစ်နာချက်တွေအတွက် ကျေးရွာနဲ့ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားခဲ့ကြပါတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေကို ဆက်သွယ်မေးမြန်းလို့တော့ မရပါဘူး၊

Steel Stone ကုမ္ပဏီဟာ ဟင်္သာတကနေ ဆပ်ကော့ဘူတာအ၀င်လမ်း ဖောက်တုန်းကလည်း လယ်မြေတွေဆုံးရှုံးခဲ့ရပြီး   လျော်ကြေးမရဘူးလို့ တောင်သူတွေက ပြောပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013