DVB Logo
Home
မြန်မာသတင်း
နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၇၀၀၀ ခန့် မြ၀တီဘက် ပြန်လည်ရောက်ရှိ
DVB
·
July 1, 2017
နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၇၀၀၀ ခန့် မြ၀တီဘက် ပြန်လည်ရောက်ရှိ
Donate to DVB

ထိုင်းနိုင်ငံရဲ့ တင်းကျပ်လာတဲ့ အလုပ်သမားဥပဒေနဲ့ အလုပ်သမားတွေကို လိုက်လံဖမ်းဆီး မှုကြောင့် ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ထိုင်းကနေ မြန်မာအလုပ်သမား ၇၀၀၀ နီးပါး မြ၀တီဘက်ကို ပြန်လည်ရောက်ရှိလာကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇွန်လ ၂၉ နဲ့ ၃၀ ရက် နှစ်ရက်အတွင်းမှာပဲ မဲဆောက်ဘက်ကနေ မြ၀တီဘက်ကို ၉၉၉ ဂိတ်ကနေတဆင့် ၀င်လာသူ ၆၇၂၃ ဦး ရှိတယ်လို့ အလုပ်သမားတွေအပြန် သွားရောက်ကူညီခဲ့တဲ့ မော်လမြိုင်မြို့ အခြေစိုက် သာသနာနွယ်ဖောင်ဒေးရှင်က အရှင်စန္ဒဇောတိက မိန့်ပါတယ်။

“၃၀ ရက်နေ့ မနေ့က ၄၀၆၇ ဦး၊ တနေ့ကကျတော့ ၂၆၅၆ ဦး၊ စုစုပေါင်း ၆၇၂၃ ဦး ၀င်လာတယ်။ ဒီနေ့လည်း ထပ်ဝင်လာဖို့ရှိတယ်။ နောက်နေ့တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားတာ ရှိတယ်။ ”

ပြန်လည်ရောက်ရှိလာသူအများစုဟာ ကရင်ပြည်နယ်အတွင်းမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့လည်း မိန့်ပါတယ်။

ထိုင်းအစိုးရရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး ဥပဒေသစ်ဟာ  အလုပ်ရှင်နဲ့အလုပ်သမားတွေကို အခက်တွေ့စေပြီး လုပ်ငန်းခွင်အချို့ကိုလည်း ထိခိုက်စေတာကြောင့် အဲဒီဥပဒေတချို့ကို ဖြေလျော့ပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ကျန်အိုးချားက အလုပ်သမားဝန်ကြီးဌာနကို   ညွှန်ကြားခဲ့ပါတယ်။

ဒါကြောင့် အသစ်ထုတ်ပြန်ထားတဲ့ နည်းဥပဒေကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားဖို့၊ ဒီရက်ပိုင်းတွေအတွင်း ဖမ်းဆီးမှုတွေမလုပ်ဖို့နဲ့ အလုပ်နေရာ၊ အလုပ်ရှင် နာမည်လွဲနေတဲ့ လုပ်သမားတွေ ပြန်လည်ပြင်ဆင်ဖို့ အချိန်ကန့်သတ်ပေးလိုက်ပါတယ်။

ဒါပေမယ့် အထောက်အထားမရှိတဲ့အလုပ်သမားတွေ ပြန်လာနေဦးမှာပဲလို့လည်း အရှင်စန္ဒဇောတိက မိန့်ပါတယ်။

“သူက ဖမ်းဆီးမှုကို ရပ်လိုက်တယ်။ ပြီးတော့ ရက် ၁၂၀ အချိန်ပေးလိုက်တာလေ။ အဲဒီရက် ၁၂၀၊ ၄ လအတွင်းကို ပြန်ပြီးတော့ စာအုပ်စာတန်းတွေ ပြန်လုပ်ရမှာလေ။ အဲဒီအတွက် အုံလိုက်ကျင်းလိုက် မဟုတ်ပေမယ့် တဖွဲ့ဖွဲတော့ လာနေကြဦးမှာပဲလေ။ ဘာလို့လဲဆိုတော့ ရက်ပေါင်း ၁၂၀ အတွင်း စာရွက်စာတန်းတွေ ခိုင်မာအောင်ပြန်လုပ်ရမှာကိုး။ လုပ်ရမယ်ဆိုတော့ အခုနေပြန်လည်း မထူးဘူးလေ။ နောက်ပြန်ရဦးမှာပဲ။ အခုနေပြန်ရင် ပိုပြီးတောင်အဆင်ပြေသေး တယ်။ ကြိုဆိုရေး အဖွဲ့တွေဘာတွေနဲ့။ နောက်ပြန်ရင် အရစ်ခံနေရဦးမယ်။”

ဇွန် ၂၂ ရက်နေ့က ထုတ်ပြန်ပြီး ၂၃ မှာ စတင်အသက်ဝင်တဲ့ ဘီအီး 2017 ထိုင်းအလုပ်သမား ဥပဒေကြောင့် အထောက်အထားမပြည့်စုံတဲ့ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ မိခင်နိုင်ငံကို အစုလိုက်အပြုံလိုက်ပြန်နေကြပါတယ်။

မြန်မာအလုပ်သမားတွေဟာ မယ်ဆိုင်၊ ရနောင်း၊ မဲဆောက် စတဲ့ လမ်းကြောင်းကနေ ပြည်တွင်းပြန်ဝင်နေရာမှာ  မဲဆောက်-မြဝတီလမ်းကြောင်းက အများဆုံးပြန်လည်ဝင်ရောက်ကြပါ တယ်။

အလုပ်သမားတွေ အခုလို အခက်အခဲနဲ့ ရင်ဆိုင်ရာချိန်မှာ မြန်မာအစိုးရရဲ့ တုံ့ပြန်မှုက အရမ်းနှေးကွေးလွန်းတယ်လို့ အရှင်စန္ဒဇောတိက ဝေဖန်ထားပါတယ်။

“မြန်မာအစိုးရရဲ့ တုံ့ပြန်မှုက အရမ်းနှေးကွေးလွန်းတယ်။ ကိုယ့်အလုပ်သမားတွေရဲ့ အခြေအနေကို စဉ်ဆက်မပြတ်လေ့လာသင့်တယ်။ အလုပ်သမားတွေ အခက်အခဲတခုခု ဖြစ်ပြီဆိုတာနဲ့ ချက်ချင်းတုံ့ပြန်ပြီးတော့ လိုအပ်တာ ကူညီရမယ်၊ ဆွေးနွေးရမယ့် ညှိနှိုင်းရမယ်ပေါ့နော်။ အခုက ဒီမှာ လူ ၁ သောင်းလောက်ရောက်တော့မှ ဒေါ်အောင်ဆန်းစုကြည်က  သံအမတ်ကြီးကို ခေါ်တွေ့တယ်။ ဒါက နောက်ကျလွန်းတာပေါ့နော်။ တကယ်တမ်း ဟိုမှာ လှုပ်လှုပ်ဖြစ်ပြီးဆိုတာနဲ့ ချက်ချင်းကန့်ကွက်လွှာပို့သင့်ရင်ပို့ ချက်ချင်းတုံ့ပြန်ရမှာလေ။  အခုက ဒီမှာ လူ ၁ သောင်းနီးပါးရောက်တော့မှ ဟိုမှာ အခြေအနေတမျိုး ထပ်ပြောင်းတယ်ဆိုတော့ ပြန်လာတဲ့သူတွေအတွက်လည်း နစ်နာတာတပေါ့။  အခု မလေးရှားကလည်း ဒီလိုထပ်လုပ်ဦးမယ်ပြောတယ်။ အဲဒီအတွက် ကာကွယ်သင့်တာကလည်း ကာကွယ်ပေးပါ။ ညှိနှိုင်းသင့်တာလည်း ညှိနှိုင်းပေးပါ။ မြန်မာအလုပ်သမားတွေ မနစ်နာရအောင်၊ ဒုက္ခမရောက်ရအောင် ညှိနှိုင်းပေးပါလို့ ဦးဇင်းကလည်း အစိုးရအဖွဲ့ကို အကူညအီတောင်းပါတယ်။ မေတ္တာရပ်ခံပါတယ်။”

ထိုင်းနိုင်ငံထဲ တရားဝင်အနေနဲ့ရော၊ တရားမဝင်အနေနဲ့ပါ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၃ သန်းလောက်ရှိမယ်လို့  မြန်မာ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013