စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကူးပြီး ကျောင်းတက်ရတဲ့ ကျောင်းသား ကျောင်းသူ အယောက် ၃၀ အတွက် အသက်ကယ်အင်္ကျီတွေကို ကသာမြို့ On Line ချစ်သူများအဖွဲ့က ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
On Line ချစ်သူများအဖွဲ့မှ ကိုသိုက်စိုးက “ကသာမြို့နယ် လက်ပံဇင်ကျွန်းကျေးရွာကနေ ကျောက်ထုံးကြီးကျေးရွာ စာသင်ကျောင်းကို ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို လှူပါတယ်။ အသက်ကယ်အင်္ကျီက ကျောင်းသားတွေအတွက် အထည် ၃၀၊ ဆရာမ ၃ ဦးအတွက် ၃ ထည်ကို လှူဒါန်းခဲ့ပါတယ်။ ကျနော်တို့ မနှစ်တုန်းကလည်း ၂ ကြိမ်လောက်ရှိမယ်။ ကျောင်းသားမိဘတွေနဲ့ အလှူရှင်တွေနဲ့ စုပြီး လှူခဲ့ပါတယ်။ အခုအချိန် ဧရာဝတီမြစ်ရေက တော်တော်တိုးနေပြီ။ မြစ်ပြင်က တော်တော်ကျယ်လာပြီ။ ဒါကြောင့် သွားလှူလိုက်တာပါ။ အဲဒီက ကျောင်းသားမိဘတဦးက အကူအညီ လှမ်းတောင်းတယ်။ မနှစ်က ကသာနဲ့ ပုလွေရွှေကူးတဲ့ဘက်မှာ ကျနော်တို့အဖွဲ့ လှူထားတာရှိတော့ Facebook ထဲမှာ ဓာတ်ပုံတွေ့လို့ လှမ်းပြီးတော့ အကူအညီတောင်းလို့ သွားလှူဒါန်းဖြစ်ခဲ့တာပါ”လို့ ပြောပါတယ်။
ကသာမြို့နယ် လက်ပံဇင်ကျွန်းကျေးရွာကနေ ကျောက်ထုံးကြီးကျေးရွာ အထက်တန်းကျောင်းကို စက်လှေနဲ့ ကျောင်းတက်ရတဲ့ ကျောင်းသား ကျောင်းသူ အယောက် ၃၀ နဲ့ ဆရာမ ၃ ဦးတို့ကို ဇွန်လ ၃၀ ရက် မနက် ၈ နာရီအချိန်က လက်ပံဇင်ကျွန်းကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးမှာ အသက်ကယ်အင်္ကျီတွေ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











