DVB Logo
Home
Lead Story
သခင်ဗဟိန်းနဲ့ ကျနော်တို့
DVB
·
June 30, 2017
သခင်ဗဟိန်းနဲ့ ကျနော်တို့
Donate to DVB

သခင်ဗဟိန်းအကြောင်း ရုပ်သံမှတ်တမ်းငယ်တခုအတွက် ရိုက်ညွှန်း (script) ရေးပေးဖို့ မြနန္ဒာစာပေက ကျနော့်ကို အကူအညီတောင်းပါတယ်။ ကိုဗဟိန်းကို သမိုင်းစာအုပ်တွေထဲမှာ၊ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာထဲမှာ တစွန်းတစ ဖတ်မိပြီး နှစ်သက် စွဲလမ်း အားကျစိတ်တွေကြောင့် ဝမ်းသာအားရနဲ့ ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။

ဒါပေမယ့် တကယ်ရေးမယ်လုပ်တော့ သခင်ဗဟိန်းအကြောင်း ကျနော်သိတာ အလွန်နည်းနေတယ်ဆိုတာ သတိပြုမိပါတယ်။ အဲဒီတော့ မြနန္ဒာစာပေကိုပဲ ကျနော်က ကိုဗဟိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စာအုပ်စာတမ်းတွေ ရှာပေးဖို့ ပြန်လည် အကူအညီတောင်းရပြန်ပါတယ်။

မြနန္ဒာစာပေ ဝိုင်းတော်သားတွေက ကျနော်လိုချင်တဲ့ စာအုပ်တွေသာမက သူတို့ပြုစုထားတဲ့ စာတမ်းနဲ့ ဓာတ်ပုံတွေ၊ အချက်အလက်အလက်တွေ တပုံတပင်ကြီး ပေးပါတယ်။ ဒါ့အပြင် ဒီရုပ်သံမှတ်တမ်းကို တာဝန်ယူ ရိုက်ကူးတည်းဖြတ်ပေးမယ့် ကိုဉာဏ်ကြီးနဲ့ တွေ့ပေးပါတယ်။ ကိုဉာဏ်ကြီးက ကျနော်နဲ့ လက်တွဲဖော်တယောက် ဖြစ်နေတာကြောင့် အထွေအထူး ညှိနှိုင်းစရာ မလိုပါဘူး။ သူနဲ့ကျနော် လက်ပံတန်း သပိတ်ကျောင်းသား ရုပ်သံမှတ်တမ်းတွေကို တက်ညီလက်ညီနဲ့ အောင်အောင်မြင်မြင် လုပ်ခဲ့ဖူးတာကြောင့် အတွဲညီသူတဦးအဖြစ် ယုံကြည်နေပြီးသားပါ။ မြနန္ဒာစာပေက မိတ်ဆက်ပေးတဲ့ နောက်တယောက်က စန္ဒရားဦးသိန်းမောင် ဖြစ်ပါတယ်။ ကျနော် ပြောမပြနိုင်လောက်အောင် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျနော် လေးစားအားကျရတဲ့ ဆရာကြီးမို့ပါ။ ဆရာဦးသိန်းမောင်ကတဆင့် မြန်မာ့အသံ စန္ဒရားခွန်တင်မြ၊ အကယ်ဒမီ လှဆန်းဦးတို့ကလည်း အသံနဲ့ ဝိုင်းဝန်းအားဖြည့်ပေးမယ်လို့ သိရပါတယ်။

ပံ့ပိုးမှုတွေ အားကောင်းနေတာကြောင့် တဘက်က အားတက်ရင်း အခြားတဘက်က စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုကလည်း တပါတည်း ကပ်ပါလာပါတယ်။ ကျနော် တာဝန်ကျေနိုင်ပါ့မလား။ ကျနော် အတတ်နိုင်ဆုံး ကြိုးစားရပါမယ်။

သခင်ဗဟိန်းအကြောင်း ရသမျှ အချက်အလက် အကြောင်းအရာတွေကို ဖတ်မိ လေ့လာမိတော့ ကျနော်ငယ်ငယ်က လေးစားအားကျ ခင်မင်မှုတွေဟာ ပိုမိုခိုင်မာလာပါတယ်။


  • ချမ်းသာကြွယ်ဝတဲ့ မိသားစုက မွေးဖွားလာတဲ့ ကိုဗဟိန်း

  • ထူးချွန်ထက်မြက်တဲ့ ကျောင်းသား ကိုဗဟိန်း

  • ဗမာနိုင်ငံကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဗဟိန်း

  • ဒို့ဗမာ သခင်ဗဟိန်း

  • ဖက်ဆစ်တော်လှန်ရေး ရဲခေါင်ပြောက်ကျား ရဲဘော်ဗဟိန်း

  • ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့တဲ့ ကိုဗဟိန်း

  • ပြည်သူ့အာဏာဂျာနယ် အယ်ဒီတာ ကိုဗဟိန်း

  • မခင်ကြီးချစ်တဲ့ ကိုဗဟိန်း

  • မြန်မာလွတ်လပ်ရေးအတွက် စိတ်အားထက်သန်တဲ့ လူငယ် ကိုဗဟိန်း

  • နယ်ချဲ့ဗြိတိသျှတို့ရဲ့ ရန်သူနံပါတ် (၂) ကိုဗဟိန်း

  • မြန်မာ့လွတ်လပ်ရေးအတွက် ညီညွတ်ရေးကို နေ့မအား ညမအား ကြိုးပမ်းခဲ့တဲ့ ကိုဗဟိန်း

  • ဖဆပလက မြန်မာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်လို့ ရင်ကွဲပက်လက် ဖြစ်ခဲ့ရတဲ့ ကိုဗဟိန်း

  • ညီညွတ်ရေးမရှိတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပ္ပာယ်မရှိဘူးလို့ ယုံကြည်တဲ့ ကိုဗဟိန်း


ကဗျာတပုဒ်လို လှပနူးညံ့သလောက် နက်နဲခိုင်ကျည်တဲ့ ရင်ခုန်သံတွေနဲ့ တည်ဆောက်ခဲ့တဲ့ သူ့ဘဝဟာ ရုပ်သံမှတ်တမ်းရေးနေတဲ့ ကျနော့်နှလုံးသားထဲမှာ ကိန်းဝပ်ခဲ့ပါတယ်။

ကျနော်တို့ အခုရင်ဆိုင်နေရတဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကာလကို ဖြတ်သန်းရင်း ကိုဗဟိန်း ကျော်ဖြတ်ခဲ့ရတဲ့ ပထမ လွတ်လပ်ရေးတိုက်ပွဲ ကာလကို သမင်လည်ပြန် ကြည့်မိပါတယ်။

သမိုင်းကို သမင်လည်ပြန်ကြည့်တာဟာ အတိတ်မှာ နစ်မြုပ်နေဖို့ မဟုတ်ပါဘူး။ အတိတ်ရဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို ရယူရင်း အနာဂတ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။

အတွေးအခေါ်သစ်နဲ့ လမ်းသစ်ဖောက်တဲ့ ကိုဗဟိန်းနဲ့ တော်လှန်ရေးရဲဘော်တွေက ကိုလိုနီယန္တရားဟောင်းကြီးနဲ့ ရင်ဆိုင်တိုးခဲ့ကြသလို ဒီနေ့ ကျနော်တို့ခေတ်မှာ ဒီ/လှုပ်တွေနဲ့ ပြည်သူတွေဟာ စစ်ဗျူရိုကရေစီ လက်ဝါးကြီးအုပ် ဓနရှင်တွေရဲ့ ယန္တရားနဲ့ နှစ်ပါးသွားနေရပါတယ်။

ကျနော် ဒီရုပ်သံမှတ်တမ်းကို အာရုံရောက်နေချိန်မှာပဲ တိုင်းပြည်ရဲ့နားမျက်စိဖြစ်တဲ့ မြန်မာ့မီဒီယာလောကဟာ ပုဒ်မအမျိုးမျိုးနဲ့ အဖိနှိပ်ခံနေရပါတယ်။ Voice ဂျာနယ်က ကိုကျော်မင်းဆွေကို ၆၆(ဃ)၊ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်နဲ့ ပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနက ကိုသိန်းဇော်ကို ပုဒ်မ ၁၇(၁) နဲ့ အရေးယူခံနေရပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးဟာ စနစ်တခုကနေ စနစ်တခုကို ပြောင်းလဲရာမှာ မလွဲမသွေ ဖြတ်ကျော်ရမယ့် အတားအဆီးတခုပါ။ ဒီလိုအခြေအနေကို ကျနော်တို့ သိမ်သိမ်မွေ့မွေ့၊ ညင်ညင်သာသာ ဘယ်လိုကျော်လွှားရမယ်ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ကျနော်နားလည်လိုက်ပါတယ်။ ဒါဟာ သခင်ဗဟိန်းအကြောင်း ရုပ်သံမှတ်တမ်းရေးရင်း ကျနော် စဉ်းစားမိလိုက်တာပါ။ တန်းတူညီမျှတဲ့ အခွင့်အရေးတွေနဲ့ ညီညွတ်ရေး တည်ဆောက်ရင်း ဒုတိယလွတ်လပ်ရေးတိုက်ပွဲအတွက် ရှေ့ကို တလှမ်းချင်းတိုးနေဖို့က ကျနော်တို့အလုပ်ပဲ ဖြစ်ပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013