မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု ထန်းတောကျေးရွာမှာ ရှေးယခင်ကတည်းကနေ လက်ရက်ကန်း ရက်လုပ်တဲ့ အတတ်ပညာနဲ့ အမျိုးသမီးအများစုဟာ လုပ်ကိုင်လာကြရာမှ လက်ရက်ကန်း ရက်လုပ်တဲ့ လုပ်ငန်းကို မတိမ်ကော မပျောက်ပျက်စေဘဲ အခုအချိန်ထိ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။
လက်ရက်ကန်း ရက်လုပ်ရန်အတွက် ချည်တွေကို မန္တလေးမြို့က ဝယ်ယူကြရပြီး ချည်တွေကို ရေစိမ်ပြီးထု၊ ထုပြီးတော့ မိမိကြိုက်နှစ်သက်တဲ့ အရောင်ဆေးဆိုးပြီး ချည်တွေကိုနင်း၊ နင်းပြီးရင် ဖြီးပေးရပါတယ်။ ဖြီးပြီးရင် တညှင်းလုံးချ ရက်ကန်းကို ချည်ပြီး အဆင့်ဆင့်ပြုလုပ်ကာ ချည်ထည်အကြမ်းစရရန် လက်ရက်ကန်းစင်နဲ့ ရက်လုပ်ကြရတာပါ။
လက်ရက်ကန်း ရက်လုပ်တဲ့လုပ်ငန်းဟာ ဒေသရှိ အဓိက လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ အမျိုးသမီးအများစုရဲ့ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိနေတာကြောင့် အရေးပါတဲ့ လုပ်ငန်းတခုလို့ သိရပါတယ်။
“ဒီလက်ရက်ကန်း ရက်လုပ်တဲ့ လုပ်ငန်းဟာ ခုနောက်ပိုင်းတွေမှာ အတော်လေးကို ရှားလာပြီ။ ခေတ်မီစက်တွေ ပေါ်လာကြတော့လေ၊ ရွာမှာတော့ မတိမ်ကောဘူးပေါ့။ ဘာလို့လဲ ဆိုတော့ ဒီအလုပ်က အမျိုးသမီးတွေ ပုံမှန် အလုပ်ရှိကြတယ်လေ။ ပုံမှန်ဝင်ငွေ ရကြတယ်။ ပြီးတော့ လက်ရက်ကန်းနဲ့ ရက်တဲ့ ချည်ထည်တွေက ရောင်းရတယ်။ ဖောက်သည်တွေက ရွာအထိ လာကောက်ကြတော့ အဆင်ပြေပါတယ်။ အမျိုးသမီးတွေအတွက်တော့ အလုပ်မရှားတော့ဘူးပေါ့”လို့ ထန်းတောကျေးရွာမှ လက်ရက်ကန်း ရက်လုပ်သူ မထွန်းလင်းခိုင်က ဒီဗွီဘီကို ပြောပါတယ်။
ထန်းတောကျေးရွာမှာ လူနေအိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်ကာ လက်ရက်ကန်းစင် ရက်လုပ်တဲ့ လုပ်ငန်းဟာ အိမ်ထောင်စုအများစု လုပ်ကိုင်နေတဲ့ လုပ်ငန်းတခု ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)










