DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြအလုပ်သမားများ အလုပ်သမားဖြေရှင်းရေးရုံးကို တိုင်ကြားရန် ပြင်ဆင်
DVB
·
February 21, 2012
ဆန္ဒပြအလုပ်သမားများ အလုပ်သမားဖြေရှင်းရေးရုံးကို တိုင်ကြားရန် ပြင်ဆင်
Donate to DVB

ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန် တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ လစာတိုးမြှင့်ရရှိရေး ဆန္ဒပြမှုမှာ အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် မနက်ဖြန်ကျရင် ၀ါဏိဇ္ဇပဋိပက္ခရုံးမှာ သွားရောက်တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ အလုပ်သမားတွေဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ကိုဖိုးဖြူက  ပြောပါတယ်။

ဒီလ ၆ ရက်နေ့ကစတဲ့ သူတို့ဆန္ဒပြမှုဟာ အဓိကအားဖြင့် တနာရီလုပ်အားခ ၇၅ ကျပ်ကနေ ၁၅၀ ထိရဖို့နဲ့ ရက်မှန်ကြေး ၁ လကို  ၆,၀၀၀ ကျပ် ကနေ ၈,၀၀၀ ကျပ်ထိ တိုးပေးဖို့ နှစ်ချက်က အဓိကပဲဖြစ်ပါတယ်။

အလုပ်ရှင်ဘက်က ၁ နာရီလုပ်ခကို ၇၅ ကျပ်ကနေ ကျပ် ၁၀၀ ကို တိုးပေးပေမယ့် အလုပ်ရှင်ရဲ့ လိုက်လျောချက်ဟာ သူတို့လိုလားချက်နဲ့ ကွာဟနေတာကြောင့်   အလုပ်သမားတွေက အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းက အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားရုံး တာဝန်ရှိသူတွေ သုံးပွင့်ဆိုင် ညှိကြပေမယ့် မပြေလည်ခဲ့ပါဘူး။ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ရက်ရှည်ကြာလာတဲ့အခါ အလုပ်သမားတချို့က အလုပ်ရှင်နဲ့ ပြန်လည် ညှိနှိုင်းလိုကြသလို တချို့က အလုပ်သမား ဖျန်ဖြေရေးရုံးကို တိုင်ကြားချင်ကြတာပါ။

အလုပ်ရှင်နဲ့ ပြန်လည်ညှိချင်ကြသူတွေဘက်က ရပ်တည်တဲ့ အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းသိန်းက ခုလို ပြောပါတယ်။

“ကျနော်တို့က မနက်ဖြန်မှာ ဒီကလေးတွေရဲ့ ဆန္ဒပေါ့နော် ညှိနှိုင်းချင်တယ်။ စက်ရုံဘက်က ကမ်းလှမ်းလာခဲ့မယ်ဆိုရင် သူတို့က ညှိနှိုင်းမယ်။ ဒီလိုမျိုးကြီးလည်း အခုလို ဖြစ်တာကလည်း သူတို့က တဖက်တလမ်းကနေပြီးတော့ ရစေချင်တဲ့ ပုံစံမျိုးနဲ့ပါ။ ဒီလိုလေး လုပ်လိုက်ခြင်းဖြင့် ငါတို့မယ် ဒီစက်ရုံက ဒီလိုလေး တိုးပေးမလားဟဲ့ ဆိုတဲ့ စိတ်ဆန္ဒ တခုပါ။ ဒီစက်ရုံပိုင်ရှင်ကိုလည်း နစ်နာစေချင်တဲ့ ပုံစံမျိုးတွေ မရှိပါဘူး။ သူတို့ရဲ့ ရပိုင်ခွင့်လေးတွေကို ရမလားလို့ မျှော်ကိုးနေတာ။ ဝန်ထမ်းအားလုံးက ဥပဒေကြောင်းကိုလည်း ဘာမှ နားမလည်ဘူး။ ဥပဒေဆိုတာ ဘာမှန်းမသိဘူး  ဖြစ်နေပါတယ်။”

မနက်ဖြန် ချိန်းဆိုထားတဲ့      အလုပ်သမား ဖျန်ဖြေရေးရုံးကို သွားတင်လိုတဲ့ အလုပ်သမားတွေဘက်က ရပ်တည်တဲ့ အလုပ်သမားခေါင်းဆောင် မဝေက အလုပ်သမားတွေထံက ဆန္ဒခံယူပြီးမှ စာတင်မှာပါလို့ ပြောပါတယ်။

“အခုအချိန်မှာက ဘယ်လိုလဲဆိုတော့ ကျမတို့ကို ထိုးနှက်နေတယ်။ ဘယ်လို ပြောမလဲ ဆိုတော့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေလည်း ရှိတယ်ပေါ့နော်။ သဘောထား ကွဲလွဲအောင် ဘယ်လို ထိုးနှက်လဲဆိုတော့ ၀ါဏိဇ္ဇရုံးတင်ရင် မင်းတို့ ၁ နှစ်ကြာမှာ၊ ဥပဒေ နားမလည်ရင် ၂ နှစ်ကြာမှာ ဒီလိုခြိမ်းခြောက်မှုမျိုးတွေနဲ့ ကလေးတွေက ကြောက်လန့်နေတာလည်း ရှိတယ်။ အမှန်တကယ်တော့ ကျမတို့စိတ်က တညီတညွတ်တည်းပါပဲ။ မနက်ဖြန်ကျလို့ရှိရင် ကျမတို့ ၀ါဏိဇ္ဇရုံးကိုသွားဖို့ စီစဉ်တော့မယ် ဆိုရင်တော့ အားလုံးရဲ့ သဘောတူညီချက်၊ သဘောထား အားလုံးကို ကောက်ခံပြီးမှ ကျမတို့က ဒါတွေ အားလုံး တင်မှာဖြစ်ပါတယ်။ နမူနာကတော့ ကျမတို့ အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်မှုပေါ့နော်။ တကယ် ဘောင်အတွင်းက အခြေခံလစာ ရဖို့၊ ပြီးတော့ အခြား အချက်အလက်တွေက အလုပ်သမားအခွင့်အရေး အပြည့်အဝ ရအောင် အလုပ်သမားနဲ့ အလုပ်ရှင် တရားမျှတမှု နည်းလမ်းရှိအောင် ဒီလိုမျိုးတွေ အစ်မတို့ စီစဉ်ပြီးတော့ တင်ထားတာ။”

အလုပ်သမားတွေဘက် ၀ါဏိဇ္ဇရုံးကို တိုင်ကြားမယ်ဆိုရင်တော့ ဆန္ဒပြသခွင့် မရှိတော့ဘူးဆိုတဲ့ ကန့်သတ်ချက်တခု ပါရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013