DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဖမ်းဆီးမှုပိုများလာ၊ ရွှေ့ပြောင်းကျောင်းဆရာနှင့် ကျောင်းအုပ်ကြီးပါ အဖမ်းခံရ
DVB
·
June 29, 2017
Donate to DVB

ထိုင်းနိုင်ငံမှာ အရင်ကထက် ပိုမိုတင်းကျပ်တဲ့ အလုပ်သမားဥပဒေသစ် ပေါ်ပေါက်လာပြီးတဲ့ နောက် နေ့စဉ်နဲ့အမျှ ဖမ်းဆီးစစ်ဆေးမှုတွေရှိနေပြီး မဲဆောက်ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းက ဆရာ ၂  ဦးပါ ဖမ်းဆီးခံခဲ့ရပါတယ်။

မဲဆောက်မြို့ new weave (လှိုင်းသစ်) ရွှေ့ပြောင်းအလုပ်သမားပညာသင်ကျောင်းက ဆရာတဦးဟာ ဇွန်လ ၂၈ ရက် မနက်က အဆောင်မှ ကျောင်းကို လာရောက်စဉ် လမ်းမှာ ထိုင်းရဲတွေနဲ့တွေ့လို့ အဖမ်းခံခဲ့ရပြီး ကျောင်းအုပ်ကြီးက လိုက်လံပြောဆိုပေးရာမှာ ကျောင်းအုပ်ကြီးပါ အဖမ်းခံခဲ့ရတယ်လို့ ရွှေ့ပြောင်းဆရာ၊ ဆရာမများအစည်းအရုံး အထွေထွအတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းဆရာက ကျောင်းလာတဲ့အချိန် လမ်းမှာ အဖမ်းခံထိတာ။ ကျောင်းအုပ်က လိုက်ပြောပေးတော့ ကျောင်းအုပ်ပါ ဖမ်းလိုက်တယ်။ ၂ ယောက်လုံး မြန်မာပါပဲ။ သူတို့မှာ တာ့ခ်ခရိုင် ပညာရေးဌာနလည်း ပါဝင်တဲ့  Migrant Education Coordiantion Center အဖွဲ့ ထုတ်ပေးတဲ့ ကတ်ပြားရှိတယ်။ အဲဒါပြလည်း မရဘူး။ သူတို့က work permit လည်း လုပ်ခွင့်မရှိဘူးလေ။ အလုပ်သမားကတ်လည်း ဘယ်ရှိမလဲ။ အဲဒါနဲ့ မြန်မာဘက်ကမ်းကို သွားသွန်လိုက်ပြီလို့တော့ ပြောတယ်ဗျ။ အခုထိ ပြန်မရောက်လာသေးဘူး။ ဆရာတယောက်ကတော့ ပြန်မလာတော့ဘူးလို့ ပြောတယ်။  လောလောဆယ် ကျောင်းပိတ်ထားပါတယ်၊ ဆရာ၊ ဆရာမတွေလည်း ဘယ်မှ မထွက်ရဲဘူး။”

အဆိုပါ လှိုင်းသစ်ကျောင်းမှာ ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေ ၁၅၀ ကျော် လာရောက် ပညာသင်နေပြီး ဆရာ/ဆရာမ စုစုပေါင်း ၁၀ ဦးရှိတယ်လို့ ဆိုပါတယ်။

မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေကလည်း လတ်တလော မဲဆောက်ရှိ စက်ရုံ အလုပ်ရုံတွေမှာရော ဆင်ခြေဖုံးရပ်တွေမှာပါ နေ့တိုင်းလို တရားမဝင်အလုပ်သမား စစ်ဆေးရေးတွေ ဝင်နေတာကြောင့် မြန်မာဘက်ခြမ်း ပြန်သူတွေလည်း ရာနဲ့ချီ ရှိတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဆေးရေးဝင်တာတော့ နေ့တိုင်းလိုပါပဲ။ ဒီလပိုင်း တရက်နေ့ကနေ စဖမ်းနေတာ။ ကျနော် သိသလောက်ဆို ၁ ရက်နေ့က  မဲ့တောင်းမိုင်ရပ်ကွက်ထဲက စက်ရုံ ၃ ရုံမှာ လူ ၂၃၀၊ ကလေး ၁၆ ယောက်ပါတယ်။ ၈ ရက်နေ့ကျတော့ အိုမီဂါစက်ရုံနားက တန်းလျားမှာနေတဲ့ ပျံကျအလုပ်သမား ၅၀ ဖမ်းခံရတယ်။ ၉ ရက်နေ့မှာ မဲဆောက်ဈေးထဲ ဝင်ရှာတော့ လက်မှတ်မရှိတဲ့သူ  ၇၀ နီးပါးပါသွားတယ်။ ၁၁ ရက်နေ့မှာတော့ မြစ်ကမ်းနဖူးပေါ်မှာ ၃၀ ကျော်၊ ဇွန် ၂၃ ရက်မှာ မဲဆောက်ဈေးအနီး ဖိုးထူးလက်ဖက်ရည်ဆိုင်တန်း အဲဒီမှာ ၄၀ ကျော်၊ ၂၄ ရက်မှာ လော်ဖိဖားရွာထဲက စက်ရုံ ၄ ရုံ ဝင်စစ်တယ်။ ပရိဘောဂစက်ရုံက ၁၀ ယောက်ပါသွားတယ်။ မြန်မာပြည်ပြန်တဲ့ အလုပ်သမားတွေလည်း တနေ့တနေ့ ရာနဲ့ချီရှိပါတယ်။ ဘန်ကောက်ဘက် ကနေ ပြန်လာတဲ့ဟာတွေရောပေါ့။ ရေလမ်းကနေပြန်တာ  တနေ့ ၃၀၀ ကျော်၊  အပေါ်လမ်းလို့ ခေါ်တဲ့ တရားဝင်ဂိတ်ကနေ ပြန်တာလည်း ရှိတယ်၊ အဲဒါတော့ အရေအတွက် မသိရဘူး၊ အနည်းဆုံး တရာ နှစ်ရာတော့ နေ့စဉ်ရှိမှာပါ။”

စက်ရုံ အလုပ်ရုံပေါတဲ့ မဲဆောက်မှာ မြန်မာအလုပ်သမား သိန်းနဲ့ချီရှိပြီး အဲဒီထဲက ၃ ပုံ ၂ ပုံမှာ လက်မှတ်မရှိသူတွေ ဖြစ်နေတာကြောင့် အခုလိုသာ ဆက်ဖမ်းနေမယ်ဆိုရင်၊ အလုပ်သမား ရှားပါးမှုကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးပါ ရိုက်ခတ်လာနိုင်မယ်လို့  ဦးမိုးဆွေက ပြောသွားပါတယ်။

အလားတူ ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်အခြေစိုက် အေအေစီအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ကိုရဲမင်းကလည်း မနေ့က မဟာချိုင်မှာ စစ်ဆေးရေးဝင်တာ လက်မှတ် မရှိသူ၊ မပြည့်စုံသူတွေ ကားတစီးနဲ့ အပြည့်ပါသွားကြောင်း၊ မဟာချိုင်ဈေးလည်း ခြောက်ကပ်နေပြီး အိမ်ပြန်တဲ့ အလုပ်သမားတွေ ထောင်နဲ့ချီရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကထိ ကျနော် သိရသလောက်ပေါ့နော်၊ မဟာချိုင် (ဆမွတ်ဆာခွန်း) ရော၊ နွန်ထပူရီနဲ့ ဆမုတ်ပရကန်  ၃ ခရိုင်မှာ အိမ်ပြန်တဲ့အလုပ်သမား ၂ ထောင်ကျော်ရှိပါတယ်။ ကျနော်တို့ အလှမ်းမမီတဲ့ တခြားခရိုင်တွေလည်း ရှိပါဦးမယ်။ ဒါဟာ ဒီတခေါက်ဥပဒေက တော်တော်ကြမ်းလို့လေ၊ ပြည်တော်ပြန်အလုပ်သမားတွေ အဆင်ပြေပြေ အိမ်ပြန်လို့ရအောင် စီစဉ်ပေဖို့ ထိုင်းမြန်မာ သံအမတ်ကြီးကို အကြောင်းကြားထားတယ်။ ဒီနေ့ဆိုရင် ကျနော်တို့ နယ်စပ် မြန်မာဘက်က အဖွဲ့အစည်းတွေနဲ့ သွားတွေ့ပြီးတော့ အစည်းအဝေးတခုလုပ်မယ်။ အလုပ်သမားတွေပြန်လာရင် ဘယ်လို ကြိုပေးမလဲ၊ ဘယ်လို နေရာချထားပေးမလဲ။ ကုန်ကျစရိတ် သက်သာအောင် ဘယ်လို လုပ်ပေးမလဲပေါ့။  မြန်မာပြည်သားတွေ အဖမ်းခံရပြီး ထွက်ပြေးပြီး ပြန်ရမယ့်အတူတူ တရားဝင် ပြန်ခွင့်ရအောင် နယ်စပ်ဖြတ်တဲ့အခါ အခကြေးငွေမကုန်အောင် ကြိုးစားနေပါတယ်။ ဒီနေ့ပဲ ကျေန်ာတို့ မြဝတီကို ခရီးထွက်ပါမယ်။”

ဒါ့အပြင် အက်ဖ်အီးဒီအဖွဲ့ဦးဆောင်ဒါရိုက်တာ ဦးထူးချစ်ကလည်း မြန်မာအလုပ်သမားတွေကို ပြန်ခေါ်ပေးဖို့  မြန်မာအစိုးရဘက်ကို စာတင်ထားသလို ဦးနေမျိုးဇင်လည်း အလုပ်သမားတွေကို လိုအပ်တဲ့အကူအညီပေးဖို့ မြ၀တီဘက်ကို လာနေတယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။

Photo - AEC อาเซียน NEWS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013