DVB Logo
Home
Lead Story
လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်များ ပွင့်လင်းစေချင်
DVB
·
June 29, 2017
လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်များ ပွင့်လင်းစေချင်
Donate to DVB

 

“ပြည့်မျက်လုံး” လို့ တင်စားခေါ်ဝေါ် သတ်မှတ်ခြင်းခံရတာ။ “စတုတ္ထမဏ္ဍိုင်”လို့ အသိအမှတ်ပြုထားတာတွေဟာ ပြည်သူလူထုဘက်ကို အစဉ်မျက်နှာမူထားတဲ့ မီဒီယာရဲ့ တန်ဖိုးပါပဲ။

ဒီတန်ဖိုးတွေကြောင့်လည်း မီဒီယာရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ သတင်းရယူပိုင်ခွင့်ကို တကမ္ဘာလုံးရှိ နိုင်ငံအများစုက အသိမှတ်ပြုထားကြတာပါ။

မီဒီယာသမား ဆိုတာလည်း နိုင်ငံသားတိုင်းရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ လွတ်လပ်တယ်ဆိုပေမယ့် ဘယ်အရာမှ အကြွင်းမဲ့ သဘောမဆောင်တတ်ပါဘူး။ နေရာဒေသအလျောက် ခြွင်းချက်တချို့တော့ ရှိစမြဲပါ။

အစိုးရတရပ်က လိုအပ်ချက်အရ၊ နိုင်ငံတော်လုံခြုံရေးအရ ထိန်းချုပ်မှုအချို့ ရှိတတ်တာကိုလည်း သတင်းသမားက အထိုက်အလျောက် နားလည်မှုပေးပြီး ဖြစ်ပါတယ်။ ဖော်ထုတ်ခွင့်၊ ရယူပိုင်ဆိုင်ခွင့်တို့နဲ့ ထိန်းချုပ်ခွင့်တို့ဟာ ဝေါဟာရအရရော လုပ်ဆောင်ချက် သဘောအရပါ ဖီလာနေတာကို တွေ့နိုင်ပါတယ်။

ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်တာနဲ့ပတ်သက်လို့ “နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူညီမှု” ICCPR ရဲ့ ပုဒ်မ ၁၉ အပိုဒ်ခွဲ(၃) မှာ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ကန့်သတ်ထိန်းချုပ်ခံရနိုင်သည်ဆိုသော်လည်း ၎င်းကန့်သတ်ချက်များသည် ဥပဒေကြောင်းအရနှင့် လိုအပ်ချက်အရသာ ဖြစ်ရမည်” လို့ ဆိုထားပါတယ်။

ဥပဒေကြောင်းအရ လိုအပ်ချက်ဆိုရာမှာ အခြားသူရဲ့ ဂုဏ်သိက္ခာဆိုင်ရာ ထိပါးမှုနဲ့ နိုင်ငံတော်လုံခြုံရေး ထိပါးမှုတို့လောက်ပဲ ရှိပါတယ်။ အခြားသူရဲ့ ဂုဏ်သိက္ခာဆိုရာမှာ အမှန်တရားဖြစ်ခဲ့ရင်၊ အကြောင်းအချက်ခိုင်လုံနေရင် ကန့်သတ်ပိုင်ခွင့်ကနေ လွတ်ကင်းပါတယ်။

သတင်းသိပိုင်ခွင့်၊ သတင်းလွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ ဖြန့်ဖြူးခွင့်တို့နဲ့ ပတ်သက်ပြီး မြန်မာမီဒီယာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် DVB Law Lab ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာအစီစဉ်မှာ တွေ့ဆုံဆွေးနွေး တင်ပြခဲ့ပါတယ်။

ဒီအစီအစဉ်မှာ ဆွေးနွေးခဲ့သူတွေကတော့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ စာရေးဆရာမလည်းဖြစ် သတင်းမီဒီယာကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူးလည်းဖြစ်တဲ့ ဒေါ်သင်းသင်းသာနဲ့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း(မြန်မာ) ရဲ့ ပရိုဂရမ်မန်နေဂျာ ဒေါ်ယဉ်ရတနာသိန်းတို့ ဖြစ်ပါတယ်။

အစီစဉ်တင်ဆက်သူ ဦးခင်သန်းက “မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ်လို့ ဆိုပေမယ့် အဖွဲ့အစည်း အတော်များများကတော့ တိုးတက်မှု နည်းပါးလွန်းတယ်လို့ ဆိုကြပါတယ်။ ဒီပေါ်မှာ ဘယ်လိုမြင်ပါသလဲဆိုတဲ့ အမေးကိုတော့ လွှတ်တော်အမတ် ဦးသန်းနိုင်ဦးက “သတင်းရယူမှု တိုးတက်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အခုထိ တုံ့ဆိုင်းနေဆဲပဲ ရှိပါသေးတယ်။ အထူးသဖြင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဟာ အကန့်အသတ်ဖြစ်နေတာကို တွေ့ရပါတယ်။ အတားအဆီးဖြစ်နေတယ်လို့ မြင်ပါတယ်” လို့ ဖြေကြားသွားပါတယ်။

ဒေါ်သင်းသင်းသာကတော့ “သတင်းရယူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနနဲ့ သမ္မတရုံးတွေက ကြေညာချက်ထုတ်ပြန်ပေးထားပေမယ့် ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားခြင်းမရှိဘဲ ရှောင်လွှဲနေတာတွေလည်း တွေ့နေရပါတယ်။ ဒါဟာ သတင်းရယူပိုင်ခွင့်အတွက် အဟန့်အတားဖြစ်စေတယ်။ ဒီလိုမဖြစ်စေဖို့ အဆင့်လိုက် တာဝန်ပေးရုံအပြင် ဖြေကြားခြင်းမပြုပါက ဘယ်လိုအရေးယူမှုမျိုး လုပ်မလဲဆိုတဲ့ အချက်တွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပြီလို့ ယူဆကြောင်း၊ ဒါမှသာ ခွင့်ပြုချက်အမိန့်ဟာ အသက်ဝင်မှာဖြစ်တယ်” လို့ ဆွေးနွေးသွားပါတယ်။

ဒေါ်ယဉ်ရတနာသိန်းကတော့ “ခက်တာက သတင်းယူပိုင်ခွင့်ကို ဟန့်တားထိန်းချုပ်တဲ့ အချက်ဖြစ်တဲ့ လျှို့ဝှက်ဥပဒေဆိုတာနဲ့ ပတ်သက်ပြီး ဘယ်အတိုင်းအတာထိဆိုတာ သတ်မှတ်ချက် မတိကျဘူး။ သတင်းသမားဘက်ကလည်း သတင်းရင်းမြစ်နဲ့ ပတ်သက်တဲ့ ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်” လို့ ဆိုပါတယ်။

ဖြည့်စွက်ဆွေးနွေးကြရာမှာတော့ သတင်းရယူပိုင်ခွင့်ကို မီဒီယာအားလုံး တူညီစွာ ရယူပိုင်ခွင့်ရှိရမယ်။ ခွဲခြားမဆက်ဆံရဘူး။ ဒါ့ပြင် အရေးကြီးဆုံးအချက်က လျှို့ဝှက်ချက်ဥပဒေဆိုင်ရာ ကန့်သတ်ချက်က အခြားအချက်တွေကို လွှမ်းမိုးမသွားစေဖို့ အထူးလိုအပ်ကြောင်း ဆွေးနွေးသွားကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်မှာ အဆင်မပြေနိုင်ဖွယ်ရာ အကြောင်းအချက်များစွာ ရှိပါတယ်။ သတင်းရင်းမြစ်တခုဖြစ်တဲ့ အစိုးရဌာနများမှာ တချို့ကို ပြောရေးဆိုခွင့် သတ်မှတ်ပေးထားပေမယ့် အမှားပါမှာကြောက်လို့ မဖြေတာ၊ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ စစ်အစိုးရကာလက ခံယူချက်အစွဲ ရှိနေသေးတာ၊ တာဝန်မယူချင်လို့ မဖြေတာ၊ စတာတွေအပြင် အစိုးရတာဝန်ရှိသူတွေရဲ့ ခွဲခြားဆက်ဆံတာမျိုးတွေလည်း ရှိနေတာ တွေ့နေရပါတယ်။

အစိုးရသတင်းဌာနတွေအပြင် အခြားသော ပုဂ္ဂလိကပိုင် သတင်းမီဒီယာတွေကို တပြေးညီ သတင်းသိပိုင်ခွင့် ပေးရမှာပါ။ ဒီလိုဖြေကြားမှုမပေးတာ၊ ပွင့်လင်းမှုမရှိဖြစ်လာရင် သတင်းသမားတယောက်ဟာ လူ့အခွင့်အရေးအရ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်ကို ကျင့်သုံးပြီး ထင်မြင်ချက်ကို ဖော်ထုတ်ခဲ့ရင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒါအတွက် သတင်းသမားမှာ တာဝန်မရှိဘူး။ ဖြေကြားခြင်းမရှိသူမှာသာ တာဝန်ရှိတယ်လို့ မှတ်ယူရမှာပါ။

ဒါကြောင့် သတင်းရင်းမြစ်တခုဖြစ်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ မီဒီယာကို ပြည်သူနဲ့ အစိုးရကြားက သတင်းအချက်အလက် ဖြန့်ချိပေးသူအဖြစ် အသိအမှတ်ပြုပြီး ပြောသင့်ပြောထိုက်တဲ့ သတင်းအချက်အလက်တွေကို သံသယမပွားဘဲ ဖြေကြားပေးသင့်ပါတယ်။

ဖြေကြားရာမှာလည်း မျက်နှာမလိုက် ခွဲခြားမှုမရှိ မျှဝေပေးကြရမှာပါ။ သတင်းရယူပိုင်ခွင့် ပွင့်လင်းမြင်သာမှုရှိရေးဟာ ဥပဒေတတရပ်အဖြစ် ထည့်သွင်းရေးဆွဲ အကာကွယ်ပေးဖို့ လိုအပ်ပါတယ်။

ရှေ့ပိုင်းက ပညာရှင်တွေ ဆွေးနွေးခဲ့သလို လျှို့ဝှက်ဥပဒေဆိုတဲ့အချက်က ကျန်အချက်တွေကို လွှမ်းမိုးမသွားစေရေးအတွက်လည်း ဥပဒေတရပ် ရေးဆွဲရာမှာ သတိပြုသင့်ပါကြောင်း ထပ်လောင်းနှိုးဆော် တင်ပြလိုက်ရပါကြောင်း။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013