ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အနီး ရထားလမ်းနှင့် ကားလမ်းဆုံရာ တာဂွကျေးရွာမှာ ဇွန် ၂၈ ရက်နေ့ မနက်ပိုင်းက ရထားနဲ့ သုံးဘီးဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
ကြက်တူရွေးကျေးရွာနေ ယဉ်မောင်း သိန်းထိုက်မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်ဟာ တာဂွကျေးရွာ မိုင်တိုင် ၁၁၃/၇ နဲ့ ၁၁၃/၈ အကြား ရထားလမ်းနဲ့ ကားလမ်းဆုံရာနေရာမှာ စက်ရပ်သွားခဲ့စဉ် ဟင်္သာတဘက်မှ ကြံခင်းဘက် ခုတ်မောင်းလာတဲ့ စက်ခေါင်းအမှတ် DF-1261 ရထားအမှတ် ၁၈၁ (အဆန်) လူစီး အမြန်ရထားနဲ့ ချိတ်ပါသွားခဲ့လို့ မီးရထားမှာရပ်သွားခဲ့တာပါ။
ဖြစ်စဉ်ကြောင့် သုံးဘီးဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဟင်္သာတမြို့ အမှတ် ၂ ရဲစခန်းမှ သုံးဘီးယာဉ်မောင်းကို မီးရထားလာတာကို သိလျှက်နဲ့ မဆင်မခြင်မောင်းနှင်တဲ့အတွက် (ပ)၉၃/၂၀၁၇၊ ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း - ကိုရန်နိုင်(ဟင်္သာတ)











