Homeမြန်မာသတင်း
တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်
တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်
DVB
·
June 28, 2017

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာအနီးမှာ ဇွန်လ ၂၂ ကနေ ၂၇ ရက်ထိ မြန်မာ့တပ်မတော်နဲ့ တအာင်းတပ်ဖွဲ့ (တီအန်အယ်လ်အေ)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် မန်လန်းကျေးရွာက ပြည်သူတွေဟာ လားရှိုးမြို့ကို မနေ့က စပြီး ထွက်ပြေးတိမ်းရှောင် လာကြပါတယ်။
နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာက ထွက်ပြေးတိမ်းရှောင်လာသူ ၂၀၀ ကျော်ဟာ အခုလက်ရှိ လားရှိုးမြို့ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်၊ သာသနာ ၂၅၀၀ ကျောင်းတိုက်၊ ခေနင်း ကျောင်းတိုက်တို့မှာ ယာယီခိုလှုံနေကြပါတယ်။
မန်လန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ နေထိုင်ပါတယ်။ အခုရွာမှာ သက်ကြီးရွယ်အိုနဲ့ မသန်တွေကျန်ရှိခဲ့ပြီး ကျန်သူအားလုံးကတော့ နီးစပ်ရာမြို့တွေ တိမ်းရှောင် နေကြပါတယ်။