DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားသတင်း ဦးစားပေး ဂျာနယ်တစောင် ထွက်မည်
DVB
·
February 21, 2012
Donate to DVB

တိုင်းရင်းသားဒေသကသတင်းတွေကို ထင်ဟပ်စေမယ့် ယူနတီ (ညီညွတ်မှု) အမည်ရ ဂျာနယ်တစောင် လာမယ့်လဆန်းမှာ ဖြန့်ချိမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

တိုင်းရင်းသားတွေရဲ့ အသံလို့ ပြောရမယ့် ဒီဂျာနယ်ကို ယူနီယံအမည်နဲ့ ကနဦးထုတ်ဖို့ ရှိပေမယ့် ပါတီတခုကထုတ်တဲ့ ဂျာနယ်အမည်နဲ့တိုက်နေလို့ ယူနတီအမည်နဲ့ ထုတ်ဝေခွင့်ရတာပါ။

ကနဦးပိုင်းက မတ်လ ၂ ရက်နေ့မှာ စဖြန့်ဖို့ ရည်ရွယ်ထားပေမယ့် စာပေလုပ်သားအဖွဲ့ရဲ့ စိစစ်ဆောင်ရွက်ပြီး စာပေစိစစ်ရေးက ထုတ်ဝေခွင့်ကတ် ထုတ်ပေးဖို့ ကျန်နေသေးတဲ့အတွက် မတ်လ ၉ ရက်နေ့ လောက်မှာ စတင်ထုတ်ဝေဖို့ လျာထားတယ်လို့ ဂျာနယ် ထုတ်ဝေဖို့ စီစဉ်နေတဲ့ ဦးစောသန်းမြင့်က ပြောပါတယ်။

“ခွင့်ပြုချက် ချပေးလိုက်ပြီ။ ယူနီယံအနေနဲ့တော့ မရဘူး။ နာမည်ပြောင်းရမယ် ဆိုတော့ ယူနတီအနေနဲ့ပဲရတယ်။ တိုင်းရင်းသား စာရေးဆရာတွေ၊ သတင်းသမားတွေ၊ ဆောင်းပါးရှင်တွေလည်း တော်တော်များများ ရှိတယ်လေ။ သူတို့ကိုလည်း တတ်နိုင်သလောက် ရေးပေးဖို့၊ အကူအညီပေးဖို့ ကမ်းလှမ်းထားတယ်။ သူတို့လည်း ကူညီမယ်ပြောတယ်။ အခုရက်အနေအထား ဒီလပိုင်းတွေ အနေအထားမှာ အက်စ်အက်စ်အေ ကိစ္စ၊ ကေအိုင်အေကိစ္စ စသဖြင့်ပေါ့လေ၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်တဲ့ မွန်၊ ကရင် ဒေသအတော်များများမှာ ဖြစ်ပျက်တဲ့ ကိစ္စတွေကို တော်တော်များများ လွှတ်ပေးပြီဗျာ။”

စာမျက်နှာ ၃၂ မျက်နှာပါရှိမယ့် ယူနတီဂျာနယ်ကို စောင်ရေ ၁၀,၀၀၀ နဲ့ စတင်ဖြန့်ဝေမှာဖြစ်ပြီး တိုင်းရင်းသား ဒေသအသီးသီးမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေကို ဦးစားပေး ထုတ်ဝေသွားမယ်လို့ သူက ပြောပါတယ်။

သတင်းလွတ်လပ်ခွင့် ပိုမိုပေးလာပြီးတဲ့နောက်မှာတော့ တိုင်းရင်းသား ဒေသမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တိုက်ပွဲ သတင်းတွေကိုလည်း ဂျာနယ်မှာ ရေးသားနိုင်တဲ့အကြောင်း ဦးစောသန်းမြင့်က ပြောပါတယ်။   ဂျာနယ် ထုတ်ဝေခွင့်ပြုချက်ရဖို့ မနှစ်ဇွန်လမှာ လျှောက်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013