DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်နှင့်နမ့်ဆန်တွင် တိုက်ပွဲဖြစ်ပွား၊ ရွာသားများ သေဆုံး ဒဏ်ရာရ ထွက်ပြေးတိမ်းရှောင်
DVB
·
June 28, 2017
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့တွေမှာ မြန်မာ့တပ်မတော်နဲ့ တအာင်း ပလောင် လက်နက်ကိုင်တပ်တွေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ရွာသားတွေ ထွက်ပြေးနေကြရပါတယ်။

ဇွန်၂၆ ရက်နေ့က ကွတ်ခိုင်မြို့နားက ပြိန်းဟွယ်ရွာကို လက်နက်ကြီးတွေ ကျလာလို့ လူ ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့  တအာန်း စာပေယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခမ်းညွန့်က ပြောပါတယ်။

“ဦးအိုက်ဒဲ့က နေရာမှာတင် သေတယ်။ သူ့မိန်းမ အေးအမ်က ဆေးရုံရောက်ပြီးမှ သေတယ်။ သူ့အဖေကတော့ ဒဏ်ရာရတာ။ ကျည်က နှစ်လုံး၊ သုံးလုံးလောက်ကျတာ။ အိမ်တချို့လည်း ထိတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်တာ မရှိဘူး”

ပန်ဆေးရွာမှာလည်း လက်နက်ကြီးကျည်ကျလို့ နွားတကောင် သေပြီး နှစ်ကောင် ဒဏ်ရာရခဲ့သလို နမ့်ခုံရွာမှာတော့ လက်နက်ကြီးကျည်ကြောင့် ကျွဲတကောင် ဒဏ်ရာရခဲ့ပါတယ်။

ဇွန် ၂၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ ငေါ့ငါးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ၂၅ ရက်နေ့မှာတော့ ကွတ်ခိုင်အပြင်ဘက် ပန်ကူ နားမွန်းရွာနားမှာ ထပ်ဖြစ်ခဲ့တာပါ။ နမ့်ဆန်ဘက်မှာတော့ ဒီနေ့လည်း တိုက်ပွဲတွေ ဖြစ်နေတာပါ။

“နမ့်ဆန်မြို့နယ် လုံကောက်ကျေးရွာနားမှာ ဒီနေ့ မနက် ၁၀ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်နေတယ်” လို့ TNLA ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောပါတယ်။

ဇွန် ၂၃ ရက်နေ့က နမ့်ဆန်မြို့နယ်၊ မန်လန်းရွာနားမှာပဲ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တာပါ။

တိုက်ပွဲတွေကြောင့် ရှောင်တိမ်းလာသူတွေကို ကူညီပေးနေတဲ့ မန်လွယ်ရွာက ဦးဇင်း ဦးသောဘိတက “ဦးဇင်းတို့ကျောင်းမှာ လာရှောင်နေတဲ့ လူ ၂၆ ယောက်ကိုတော့ ဒီနေ့ပဲ နမ့်ဆန်မြို့ပေါ်က မြို့မဂိုဏ်းချုပ်ကျောင်းကို ပို့ပေးလိုက်ပါပြီ။ တချို့ကတော့ နမ္မတူဘက်က မန်ဆန်ရွာဘက်ကို ပြေးကြတယ်” လို့ မိန့်ပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ကလည်း အတည်ပြု သတင်းထုတ်ပြန်ထားပြီး KIA/TNLA ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီးစ ထိမှန်လို့ ဒေသခံ ပြည်သူ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့တာလို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013