ဧရာဝတီတိုင်း ပုသိမ်မြို့မဈေးတွင်း ရောင်းချနေတဲ့ စားသောက်ကုန်ပစ္စည်းတွေကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ဇွန် ၂၇ ရက် မနက်ပိုင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဓိကအားဖြင့် ကုန်အမှတ်တံဆိပ် တပ်ဆင်ရောင်းချနေတဲ့ စားသောက်ကုန်တွေမှာ တားမြစ်ဓာတုဆေးတွေနဲ့ ဆိုးဆေးတွေ ပါဝင်ခြင်း ရှိ၊ မရှိ အဓိကစစ်ဆေးတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး FDA ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။
အရင်တပတ်က စစ်ဆေးတဲ့ ဘူတာဈေးမှာတော့ နမူနာကောက်ယူတဲ့ ဘဲသွေးမှာ ဖော်မလင်ပါရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အခုစစ်ဆေးတဲ့ မြို့မဈေးမှာတော့ ကွမ်းသီးတွေကို ဆေးဆိုးထားတာတွေ တွေ့ရှိရပြီး တုတ်ထိုး ချိုချဉ်သကြားလုံးတွေမှာလည်း စားသုံးမသင့်တဲ့ ဆိုးဆေးတွေ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးဖို့ နမူနာကောက်ယူခဲ့ပါတယ်။
FDA အနေနဲ့ အပတ်စဉ်ဈေးတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အသိပညာပေးမှုတွေကိုလည်း တပြိုင်နက်ပြုလုပ်သွားမယ်လို့ ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။











