DVB Logo
Home
ဆောင်းပါး
ပြောင်း​လဲ​နေတဲ့​ ကျ​နော်တို့​ကမ္ဘာကြီး​၊​ ​ဆော်လမွန်ငါး​များ​ ပြန်နိုင်ပါ​တော့​မလား
DVB
·
February 21, 2012
ပြောင်း​လဲ​နေတဲ့​ ကျ​နော်တို့​ကမ္ဘာကြီး​၊​ ​ဆော်လမွန်ငါး​များ​ ပြန်နိုင်ပါ​တော့​မလား
Donate to DVB

နွေရာသီ​ကျောင်း​ပိတ်ရက်တ​နေ့​ပါ။ အဲဒီ​နေ့​က အ​မေ ဘုန်း​ကြီး​ကျောင်း​ ဥပုသ်သွား​စောင့်​တယ်။ အ​ဖေနဲ့​ကျ​နော်တို့​ ခြံထဲဆင်း​ပြီး​ အလုပ်လုပ်ကြတယ်။

တကယ်​တော့​ ကျ​နော်က ဘာမှသိပ်မလုပ်ပါဘူး​။ အ​ဖေကသာ အဓိက ခြံရှင်း​လင်း​ရေး​တွေ လုပ်တယ်။ သစ်ပင်​အောက်က သစ်ရွက်​တွေကို ကျ​နော်လှဲတယ်။ အ​ဖေက သစ်ကိုင်း​ခြောက်​တွေကို စုတယ်။ ​နောက်အ​ဖေက တွင်း​တခုတူး​ပြီး​ သစ်ရွက်​တွေ၊​ မြက်​ခြောက်​တွေ၊​ သစ်ကိုင်း​ခြောက်​တွေကို ပုံပြီး​ထည့်​တယ်။

“အ​ဖေမီး​မရှို့​ဘူး​လား​။” “ဟင့်​အင်း​၊​ သစ်​ဆွေး​တွေဟာလည်း​ ​မြေဩဇာလုပ်လို့​ရတာ ပဲ။”

ကျ​နော်တို့​ မွန်ပြည်နယ်က လူ​တွေဟာ သစ်​ဆွေး​တွေကို ​မြေကြီး​နဲ့​အတူ မီး​ရှို့​ကာ ​မြေကျက်လုပ်ကြတယ်။ ​မြေကျက်ဆိုတာ ​မြေဩဇာပဲလို့​ သူတို့​ဆိုကြတယ်။ တကယ်လည်း​ ​မြေကျက်ဆိုတာ အရွက်​တွေကို မီး​ရှို့​တဲ့​အတွက် အဲဒီသစ်ရွက်​တွေက ​လောင်ကျွမ်း​ပြီး​ ထွက်လာတဲ့​ ပြာအများ​စုဟာ Mineral (သတ္တု​အောက်ဆိုဒ်) ​တွေ ဖြစ်တယ်။ သစ်ပင်အတွက် အသုံး​ဝင်တယ်။ နောက်တခုက အပင်ကိုဖျက်တဲ့​ပိုး​တွေ၊​ ခြ​တွေဟာ ​မြေကြီး​ မီး​ဖုတ်လိုက်ရင် ​သေကုန်တယ်။ ဒါ​ကြောင့်​ ​မြေကျက်ကို မွန်​ဒေသက လူ​တွေကြိုက်ကြတယ်။

သို့​သော် ဒီ​မြေကျက်ဖုတ်တဲ့​အခါ ​မြေဆီလွှာ​တွေပျက်တယ်။ နိုက်ထရိုဂျင် ဒြပ်​ပေါင်း​တွေ ပျက်စီး​တယ်။ နိုက်ထရိုဂျင်ထုတ်​ပေး​တဲ့​ ဘက်တီး​ရီး​ယား​တွေလည်း​ ​သေတယ်။ ​မြေကြီး​ကိုပွ​စေတဲ့​ တီ​ကောင်​တွေ တီဥ​တွေလည်း​ ​သေကြတယ်တဲ့​။
ဒီ​တော့​ သဘာဝ​မြေ​ဆွေး​လုပ်တဲ့​နည်း​ကို သ​ဘောကျတယ်လို့​ အ​ဖေက ​ပြောတယ်။

အ​ဖေရဲ့​ညီ (ကျ​နော်တို့​ ဦး​လေး​) ဟာ စိုက်ပျိုး​ရေး​အရာရှိပါ။ အ​ဖေက ဦး​လေး​ကို ​လေး​စား​ပါတယ်။ ဦး​လေး​က ရန်ကုန်ရုံး​ချုပ်မှာ ရုံး​ထိုင်တယ်။ အ​ဖေက ဦး​လေး​ ဘီလူး​ကျွန်း​ကိုလာရင် စိုက်ပျိုး​ရေး​နဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​တတ်တယ်။ ဦး​လေး​က သစ်​တောပြုန်း​တီး​တဲ့​အ​ကြောင်း​ကို ​ပြောတယ်။ ​တောမီး​တွေ​ကြောင့်​ သဘာဝ​တွေ ပျက်တယ်​ပြော​တော့​ အ​ဖေက ရယ်တယ်။

အ​ဖေက “​တောမီး​လောင်တာဟာ သဘာဝပဲ” လို့​ ​ပြော​တော့​ ဦး​လေး​ ​ခေါင်း​ညိတ်တယ်။

“အရင်က​တော့​ ဟုတ်ပါတယ်။ တို့​မသိတာ​တွေ အများ​ကြီး​ပဲကွ။ မြစ်​ရေကြီး​တာလည်း​ ချိန်ခွင်ညှာထား​တဲ့​ သဘာဝပဲ” အဲဒီတုန်း​က အ​ဖေတို့​ပြောတာကို ကျ​နော် ဘာမှ သိပ်ပြီး​ နား​မလည်ပါ။ အ​ဖေ့​ကို သဘာဝအ​ကြောင်း​မေး​တော့​ “သဘာဝဆိုတာ တို့​နေ့​စဉ် ​တွေ့​နေကြုံ​နေရတာ​တွေကို ချိန်ခွင်လိုညှိထား​တာ​တွေကွ” လို့​ ​ပြောပြတတ်တယ်။

အ​ဖေ့​ကို “​တောမီး​လောင်တာ သဘာဝပဲ” ဆိုတာကို ပြန်ရှင်း​ခိုင်း​တယ်။
ရှေး​အခါက သစ်​တော​တွေထဲမှာ အပင်​တွေများ​လာတယ်။ ​နောက်ထပ် တိုး​ပွား​လာမယ့်​ သစ်ပင်ငယ်​လေး​တွေအတွက် ​နေရာမရှိ​တော့​ဘူး​။ တပင်နဲ့​ တပင် ပွတ်တိုက်တယ်။ ပွတ်တိုက်တဲ့​အခါ အပူ​တွေ ထွက်လာတယ်။ မီး​တွေပွင့်​ပြီး​ အပင်​တွေဟာ မီး​လောင်လာတယ်။ ဒီ​တော့​ တခါတခါမှာ ​တောတ​တောလုံး​ ကုန်သွား​တဲ့​အထိ ​လောင်သွား​တယ်”

“ဆိုး​တယ်​နော်အ​ဖေ။ သစ်ပင်​တွေအား​လုံး​ ကုန်သွား​ရင် ​တောကြီး​ မဖြစ်လာ​တော့​ဘူး​ပေါ့​။” “သစ်ပင်အား​လုံး​ ကုန်မသွား​ဘူး​ သား​ရဲ့​။ တချို့​တော့​ အသက်ရှင်ရပ်တည် ကျန်ရစ်တာပဲ။”

ကျ​နော် ​ခေါင်း​ညိတ်ပါတယ်။ ​ကျောင်း​မှာ ကျ​နော်တို့​ ဇီဝ​ဗေဒဆရာက သဘာဝ မှာ ​ရွေး​ချယ်တတ်တဲ့​ တရား​ရှိတယ်လို့​ ရှင်း​ပြခဲ့​တယ်။ အသန်စွမ်း​ဆုံး​သာလျှင် အသက်ရှင်ရပ်တည်မယ့်​သ​ဘောကို ​ပြောတာပါပဲ။

အ​ဖေက ဆက်ရှင်း​ပြတယ်။ သစ်​တော​တွေ မီး​လောင်တဲ့​အခါ အချို့​အပင်​တွေက ပိုပြီး​ သန်စွမ်း​လာတယ်ကွ။ သူတို့​ဟာ လွတ်လွတ်လပ်လပ် ကြီး​ထွား​သန်စွမ်း​ခွင့်​ ရလာတယ်။ ​မြေဩဇာ​တွေလည်း​ အပိုင်ရရှိပြီး​ ​ကောင်း​ကောင်း​ သုံး​လာနိုင်တယ်။

“အ​ဖေ​ပြောသလို မဟုတ်ဘဲ မီး​ဟာ ​တောက်​လျှောက်မရပ်ဘဲ ​လောင်တာမျိုး​ မရှိဘူး​လား​။”

“ရှိတာ​ပေါ့​။ ဒါ​ပေမယ့်​ တ​တောလုံး​တော့​ ​ပြောင်​လေ့​မရှိပါဘူး​။ ဒီလို ​တောမီး​လောင်ရင် ပတ်ဝန်း​ကျင်မှာ မီး​ခိုး​တွေနဲ့​ လူ​တွေ​ရော၊​ တိရစ္ဆာန်​တွေပါ ဒုက္ခ​ရောက်တယ်”

“သဘာဝက ထူး​ဆန်း​တယ်​နော်”

“​အေး​ကွ။ သဘာဝဆိုတာ သတ္တဝါတမျိုး​၊​ အပင်တမျိုး​အတွက် မဟုတ်ဘူး​ကွ။ အား​လုံး​အတွက်ဘဲ။ မသင့်​တော်တဲ့​ သူ​တွေ ကမ္ဘာကြီး​က​နေ ​ပျောက်သွား​တာပဲ။”

“ဦး​လေး​နဲ့​ အ​ဖေတို့​ပြောသွား​တဲ့​ စကား​တခုကို သတိရ​နေတယ်။ ​ရေကြီး​တာ သဘာဝတရား​ဆိုတာ ကျ​နော် သ​ဘော​ပေါက်ပါတယ်။ ဒါ​ပေမယ့်​ ဘယ်လိုမျိုး​ ချိန်ခွင်ညှာက ညှိထား​တာလဲ။ ကျ​နော် ရုပ်ရှင်​တွေထဲမှာ ​တွေ့​ဖူး​တယ်။ မြစ်​ရေကြီး​လာလို့​ ကမ်း​နား​က အိမ်​တွေ ပြိုကျတယ်။ သစ်ပင်​တွေ မြစ်ထဲပါသွား​တယ်။ လူ​တွေ၊​ တိရစ္ဆာန်​တွေလည်း​ ​သေတာပဲမဟုတ်လား​။

အေး​၊​ ဟုတ်တယ်​လေ။ လူ​တွေက မြစ်ကမ်း​က​နေ ​ဝေး​ဝေး​သွား​ကြရတယ်။ သူတို့​ဟာ မြစ်ကမ်း​တွေ မပြို​အောင် ​ကျောက်​တွေ ချတယ်။ သဲအိတ်​တွေနဲ့​ ကာကွယ်ကြတယ်​ပေါ့​။ ဒါ​ပေမယ့်​ မြစ်​ရေ တကယ်တမ်း​တိုး​လာရင် မတတ်နိုင်ကြဘူး​။ ကမ်း​တွေပြိုတယ်၊​ ​ရေ​တွေလျှံ​တော့​ တာပဲကွ။ ဥပမာ - အီဂျစ်က နိုင်း​မြစ်ဆိုပါ​တော့​။ နှစ်စဉ်လိုလို ​ရေကြီး​တယ်။ ဒီ​တော့​ဘာဖြစ်လဲ။ နိုင်း​မြစ်ကမ်း​ဟာ ​မြေဩဇာ အင်မတန် ​ကောင်း​တယ်။ စိုက်ပျိုး​ရေး​အတွက် အင်မတန် အ​ရေး​ကြီး​တယ်ကွ။

အဲဒီတုန်း​ကတည်း​က အ​ဖေ​ပြောတဲ့​ နိုင်း​မြစ်ကို ကျ​နော် ကြား​ဖူး​ခဲ့​ပါတယ်။ သဲကန္တာရထဲမှာ ဖြတ်စီး​သွား​တဲ့​ မြစ်ပတ်ဝန်း​ကျင်ဟာ စိုက်ပျိုး​ဖြစ်ထွန်း​တဲ့​ဒေသကြီး​ ဖြစ်ခဲ့​တယ်။

ကျ​နော်တို့​ မြန်မာနိုင်ငံရဲ့​ ဧရာဝတီမြစ်၊​ ချင်း​တွင်း​မြစ်၊​ သံလွင်မြစ်၊​ မဲ​ခေါင်မြစ်တို့​ဟာ ကျ​နော်တို့​ နိုင်ငံကို စိုက်ပျိုး​ရေး​ နိုင်ငံဖြစ်​စေတဲ့​ အချက်တခုပဲလို့​ သ​ဘော​ပေါက်ပါတယ်။

ဥပမာ - မဲ​ခေါင်မြစ်ဆိုပါ​တော့​။ နိုင်ငံငါး​နိုင်ငံကို ဖြတ်စီး​သွား​တယ်။
အဲဒီမြစ်ကို အမှီပြု​နေသူ​တွေဟာ ၆၄ သန်း​ကျော်ရှိတယ်။ ကျ​နော်တို့​ နိုင်ငံ လူဦး​ရေ​လောက်ပဲ ဖြစ်တယ်။ သူတို့​ဟာ မြစ်တခိုသာ မှီပြီး​နေထိုင်ကြတယ်။ ဒါ​ကြောင့်​လည်း​ အရင်​ခေတ်က ​ရေကြည်ရာ မြက်နုရာ သွား​ရောက် ​ပြောင်း​ရွှေ့​နေထိုင်ကြတယ်လို့​ ဆိုကြတာပဲ။ ကျ​နော်တို့​ ရဲ့​ ဘိုး​ဘွား​ဘီဘင်​တွေ ဒီလို ​နေကြတာပါပဲ။

အ​ဖေ​ရေ . . . အီဂျစ်နိုင်ငံ နိုင်း​မြစ်ဝှမ်း​မှာ ​ရေကာတာ ​ဆောက်လိုက်တာကို​ရော သိလား​။”

အ​ဖေက “သိတာ​ပေါ့​ . . . သား​ရယ်။ အာဆွမ်ဒမ်လို့​ ​ခေါ်တယ်။ ကမ္ဘာ့​ဘဏ်က ​ချေး​ငွေ ​ဒေါ်လာဘီလီယံ​ပေါင်း​များ​စွာ ထုတ်ယူပြီး​ ​ဆောက်တာပဲ။ ကျွမ်း​ကျင်သူ ပါရဂူများ​က ​ထောက်ခံပြီး​ အ​ကောင်း​ဆုံး​ ​ဆောင်ရွက်ခဲ့​တာပဲ သား​။ အဲဒီဆည်ဟာ ကန္တာရအလယ်က အို​အေစစ်လို အကြီး​ကြီး​ပေါ့​ သား​။” အ​ဖေ မဆုံး​မီ​လေး​တင် အ​ဖေ့​ကို ကျ​နော် ​မေး​ဖူး​တာပါ။

အဲဒီဆည်အ​ကြောင်း​ ကျ​နော် ​ပြောချင်လို့​ပါ။ “ပညာရှင် (Experts) ​တွေ မှား​သွား​တာ အ​ဖေသိလား​။” “ဟုတ်လား​ . . . သား​။ ဘယ်လိုဖြစ်တာလဲ” “အ​ဖေ​ပြောသလို မြစ်အ​ပေါ်က ဆည်​ဆောက်လိုက်​တော့​ မြစ်​ရေ​တွေ နည်း​သွား​တယ်။ ​ရေမလျှံ​တော့​ နိုင်း​မြစ်ဝှမ်း​မှာ သီး​နှံ ​ကောင်း​ကောင်း​ မစိုက်နိုင်ကြဘူး​။ ​ရေဟာလည်း​ လိုသ​လောက် မတက်လာ​တော့​ ​ရေ​ပေး​ဝေမှု​တွေ ​နှောင့်​နှေး​ရတယ်။ မြစ်ထဲက ငါး​တွေလည်း​ ဥမချနိုင်ကြဘူး​။”

အ​ဖေ့​ကို နိုင်း​မြစ်က ​ဆော်လမွန်ငါး​တွေအ​ကြောင်း​ ​ပြောပြခဲ့​ပါတယ်။

“​ဆော်လမွန်ငါး​တွေ မြစ်ညာတက် ဥချလို့​ မရ​တော့​ဘူး​ပေါ့​ အ​ဖေရယ်။ သူတို့​ပြန်စရာ ဘယ်ရှိမလဲ။”

အ​ဖေပြုံး​တယ်။

“မင်း​က ခင်ဝမ်း​ရဲ့​ပရိသတ်ပဲကိုး​။” အ​ဖေ့​ကို ကျွန်​တော်​ခေါင်း​ညိတ် ပြလိုက်ပါတယ်။

အ​ဖေ​ရေ ​လောကကြီး​မှာ တခါတခါ မှား​တာ​တွေရှိတယ်။ ဒါ​ပေမယ့်​ သဘာဝနဲ့​ ပတ်သက်ပြီး​ မှား​တာဆိုရင်​တော့​ ပြုပြင်ရခက်တယ်။ ယ​နေ့​ အ​ဖေမရှိ​တော့​ပြီ။
အ​ဖေမရှိ​တော့​ပေမယ့်​ အ​ဖေ​ပေး​တဲ့​ သဘာဝအသိ​တွေ ကျ​နော့်​ကို ဖမ်း​စား​နေဆဲပါပဲ။

ကျိုတို​ဆွေး​နွေး​ပွဲ သ​ဘောတူညီချက် . . .

ကိုပင်​ဟေဂင် ​ဆွေး​နွေး​ပွဲ . . .

နောက်ကင်ကွန်း​ ​ဆွေး​နွေး​ပွဲ ..အ​ဖြေရှာညှိနှိုင်း​ဖို့​အတွက် အချိန်သိပ်မရှိ​တော့​ဘူး​လေ။

တကယ်​တော့​ အ​ဖေတို့​လက်ထက်က သဘာဝနဲ့​ ယ​နေ့​ သဘာဝ . . . ဘယ်​လောက် ကွာခြား​နေပါသလဲ။ အား​လုံး​သိကြပါတယ်။ ကာဗွန်​ခြေရာ ခံ​နေကြတယ်လို့​ ဆိုတာပါပဲ။ ဒါ​ပေမယ့်​ ​လေ​အေး​စက်​တွေဖွင့်​ကာ စဉ်း​စား​နေကြတဲ့​ အစည်း​အ​ဝေး​ခန်း​မ​တွေက သဘာဝပတ်ဝန်း​ကျင် အ​ဖြေ​တွေ ထိ​ရောက်ပါ့​မလား​။

အင်ဒိုနီး​ရှား​မှာ ​တောမီး​တွေ ​လောင်​နေဆဲပါပဲ။

ကမ္ဘာကြီး​ပူ​နွေး​လို့​ မဲ​ခေါင်မြစ်လည်း​ ​ရေနည်း​လာသတဲ့​။

ဆော်လမွန်ငါး​များ​ ပြန်နိုင်ပါ​တော့​မလား​။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013